ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)မှ စပြီး ပြင်ဆင်ရန် ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)မှ စပြီး ပြင်ဆင်ရန် ဆွေးနွေးမည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ ။          ။ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)တွင် အခန်း(၁၅)ခန်း ပါရှိသည့်အနက် ပူးပေါင်းကော်မတီတွင် ပါရှိသည့် နိုင်ငံရေးပါတီများအနေဖြင့် အခန်း(၁)မှ စတင်ကာ ပြင်ဆင်လိုသည့်အကြောင်းအရာများကို ကော်မတီထံတွင် တင်ပြသွားရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က ပြောသည်။

အခန်း(၁) နိုင်ငံတော် အခြေခံမူများအပိုင်းတွင် ပြင်ဆင်လိုသည့် အချက်များ၊ မူလအတိုင်း ထားရှိလိုသည့် အကြံပြုချက်များကို လာမည့် မတ်လ ၄ ရက်နေ့ ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေးတွင် ပြန်လည် တင်ပြရမည်ဖြစ်ပြီး တင်ပြချက်များကို ပြန်လည်ဆွေးနွေးသွားမည်ဟ သိရသည်။

 “ကျွန်တော်တို့ ကန့်လန့်ဖြတ်ဇယား လုပ်ပြီး ဖြန့်ဝေပေးရဦးမယ်။ ဖြန့်ဝေပေးလိုက်တဲ့အခါ ပါတီတွေ၊ တစ်ချို့ တိုင်းရင်းသားပါတီတွေဆိုလည်း သူတို့ပါတီဌာနချုပ်ကို ပြန်ပြီးတော ညှိနှိုင်းရမှာတွေ ရှိတယ်။ အဲ့အတွက် အချိန် လိုတယ်။ အဲဒီတော့ အခန်း(၁)တစ်ခုတည်းအတွက်ကိုပဲ တနင်္လာနေ့ကို ပေးဖို့၊ တစ်ချို့ကြတော့ ဒီထက် ပိုပြီး စောစောပြီးမဲ့သူတွေရှိတော့ ကန့်လန့်ဖြတ်ဇယားကို အကုန်လုံးကို ဖြန့်ပေးလိုက်တော့ အခန်း(၁) က အဓိကပေါ့။ တစ်ချို့က (၂) (၃) ပြီးတယ်ဆိုရင်လည်း Data တွေ စုထားမယ်။ တကယ် ဆွေးနွေးမှာကတော့ အခန်း(၁)က စဆွေးနွေးမှာ ဖြစ်တယ်” ဟု ၄င်းက ယနေ့ ဒုတိယအကြိမ်မြောက် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်း ကော်မတီအစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ယနေ့ ဒုတိယကြိမ်မြောက်အစည်းအဝေးတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ကိုယ်စားလှယ် ၂ ဦးနှင့် တပ်မတော်သားအစုအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ ပြည်ပ အစည်းအဝေး တက်ရောက်နေသည့် တပ်မတော်သားအစုအဖွဲ့မှ ကိုယ်စားလှယ် (၂)ဦးနှင့် ရခိုင်အမျိုးသားပါတီ မှ ကိုယ်စားလှယ်တစ်ဦးမှ လွဲပြီး နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ စုံစုံလင်လင် တက်ရောက်ခဲ့သည် ကို တွေ့ရသည်။

“ ဒီနေ့အစည်းအဝေး အရမ်းအဆင်ပြေတယ်။ ဘယ်လိုဆွေးနွေးမလဲ၊ ရှေ့ကို ဘယ်လိုသွားမလဲ။ ဘာတွေ လုပ်မလဲ။ အားလုံး တက်တက်ကြွကြွနဲ့ ညှိညှိနှိုင်းနှိုင်း၊ ဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် လွှတ်တော်ပိတ်ရက်တွေမှာ ဆက်တိုက်လုပ်ဖို့လည်း တပ်မတော်သားကိုယ်စားလှယ်တွေကလည်း သဘောတူတယ်” ဟု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က စတင်ခဲ့သည့်အစည်းအဝေးမှ စတင်ကာ ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်မီ လေ့လာတွေရှိချက်အစီရင်ခံစာနှင့် ပြင်ဆင်မည့်ဥပဒေကြမ်းကို အပြီးရေးဆွဲကာ ၅ လအတွင်း ပြည်ထောင်စုလွှတ်တော်နာယကံ တင်ပြရမည်ဖြစ်သည်။

ယနေ့ အစည်းအဝေးဖွင့် မိန့်ခွန်းအတွင်း ပူးပေါင်းကော်မတီနာယက ဦးထွန်းထွန်းဟိန်က ပြည်ထောင်စု လွှတ်တေ်ာကြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တေ်ာမှ တာဝန်ပေးလိုက်သည့် အတွက် ပြည်သူ့လွှတ်တေ်ာ၊ အမျိုးသားလွှတ်တော်၊ တပ်မတော်သားစသည့် ကိုယ်စားလှယ်များအနေဖြင့် အာဃာတမထားဘဲ ချစ်ချစ်ခင်ခင်ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောဆိုထားခဲ့သည်။

“ဒါတွေက ပြည်ထောင်စုလွှတ်တော်ကြီးကနေ ကျွန်တော်တို့ကို တာဝန်ပေးလိုက်လို့ ဒီမှာ စုံနေတာပါ။ ဒီကနေပြီး ကျွန်တော်တို့က ဘယ်အချက်တွေ ဘယ်အချက်တွေ အစုအဖွဲ့လိုက်၊ ပါဝင်တဲ့ ကိုယ်စားလှယ်တွေ အလိုက် ဆွေးနွေးတင်ပြခွင့် ရကြမှာပါ။ အားလုံးကိုလည်း မေတ္တာ ရပ်ခံချင်ပါတယ်။ အားလုံးကိုလည်း ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် အာဃာတတရားတွေ မထားကြဘဲ၊ အမုန်းစကားတွေမပြောကြဘဲ၊ ပျော်ပျော်ရွှင်ရွှင်၊ ညီညီညာညာ ပါဝင်ပေးကြဖို့ တိုက်တွန်းတာပါ"ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ၄၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တေ်ာ နှစ်ရပ်လုံးတွင် နေရာရထားသည့် အချိုးအစားအရ အာဏာရပါတီ NLDမှ ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ ကျန်ပါတီအသီးသီးမှ ကိုယ်စားလှယ်များအပါအဝင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်က တာဝန်ယူဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly