ရန်ကုန်ရှိ မြို့နယ်များအတွင်း ကားဘီးများ ဖြုတ်ခိုးခဲ့သူ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်ရှိ မြို့နယ်များအတွင်း ကားဘီးများ ဖြုတ်ခိုးခဲ့သူ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေ
ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိ မော်တော်ယာဉ်များမှ ကားဘီးများ ဖြုတ်ခိုးခဲ့သူ ၃ ဦးကို လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးထားသူ ၃ ဦးမှာ ကားဘီးများ ဖြုတ်ခိုးမှုဖြင့်ပြစ်ချက်ဟောင်းရှိသူ မှော်ဘီမြို့နယ်၊ ဘွက်ကြီးရပ်ကွက်၊ ဘွက်ကြီးလမ်းနေသူများဖြစ်သည့် အသက် ၂၇ နှစ်အရွယ်  ဖြိုးဝေလွင်(ခ) ဝဲလေး၊ အသက် ၂ဝ အရွယ် သင်္ကြန်မောင်နှင့် လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊ မဟော်သဓာလမ်းနေ အသက် ၃၅ နှစ်အရွယ် ရဲထွန်း(ခ)ဘိုကာရီတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။

တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် ကားဘီးများဖြုတ်ခိုးခံနေရကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ညနေ ၂ နာရီခန့်တွင် ပြစ်ချက်ဟောင်းရှိသူ ဖြိုးဝေလွင်(ခ) ဝဲလေး ဆိုသူနှင့် သင်္ကြန်မောင်တို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ကားဘီးခိုးမှု ၂၄ မှုကျူးလွန်ခဲ့ကြောင်း ပေါ် ပေါက်ခဲ့ပြီး ဖြုတ်ယူခဲ့သော ကားဘီးများအား ရောင်းချပေးခဲ့သူ ရဲထွန်း(ခ)ဘိုကာရီကိုပါ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့မှာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် Hyundai Porter II အပြာရောင်ယာဉ်နှင့် အသင့် ယူဆောင်လာသော ဘီးဖြုတ် ဂေါက်တံဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဖို့မြေရပ်ကွက်၊(၁ဝ၁) လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ် အဖြူရောင်ယာဉ် ၂ စီးမှကားဘီး ၂ လုံး၊ သပြေကုန်းရပ်ကွက်၊ (၁၂၃)လမ်းဘေးတွင် ရပ်ထားသော ဘွန်ဂိုအဖြူ ရောင်ယာဉ်မှ ကားဘီး ၂ လုံး၊ရေတွင်း ကုန်းရပ်ကွက်အတွင်းရှိ လမ်းဘေးတွင်ရပ်ထားသော ဟိုက်ဂျက်အဖြူရောင်ယာဉ်မှ ကားဘီး ၃ လုံး၊ ကန်ရှေ့ရပ်ကွက်၊ (၉၁)လမ်း ဘေးတွင်ရပ်ထားသော ဘွန်ဂိုအဖြူရောင်ယာဉ်မှ ကားဘီး ၂ လုံး ဖြုတ်ခိုးခဲ့ကြောင်းသိရသည်။

ထို့ပြင် ရန်ကင်းမြို့နယ်အတွင်းရှိ (၁၄)ရပ်ကွက်၊ ကျောက်ကုန်လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ် အဖြူရောင် ယာဉ်မှ ကားဘီး၂ လုံး၊ (၁၁)ရပ်ကွက်၊ကန်ဘဲ့ဘူတာရုံလမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ် အဖြူရောင်ယာဉ်မှ ကားဘီး ၂ လုံး၊ ဒဂုံတောင်မြို့နယ်အတွင်းရှိ စက်မှုဇုန်(၁)လမ်းဘေးတွင် လိုက်ထရပ်ယာဉ် နှင့်ဟိုက်ဂျက်ယာဉ်တို့မှ ကားဘီး ၃ လုံး၊ (၂၆)ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင် လိုက်ထရပ်ယာဉ်မှ ကားဘီး ၂ လုံး၊ (၅၃) ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင်ရပ်ထားသော လိုက်ထရပ် အဖြူရောင် ယာဉ်မှ ကားဘီး ၂ လုံး၊ (၁၈) ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင်ရပ်ထားသော ဘွန်ဂိုအဖြူရောင် ယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တို့မှ ကားဘီး ၃ လုံး၊ (၂၀)ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင်ရပ်ထားသော လိုက်ထရပ်အဖြူရောင်ယာဉ်မှ ကားဘီး ၂ လုံးတို့ကိုလည်း ဖြုတ်ခိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တာမွေမြို့နယ်အတွင်းရှိ မအူကုန်းရပ်ကွက်၊ (၁၃၇)လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ် ယာဉ်များမှ ၃ လုံး၊အရိုးကုန်းရပ်ကွက်၊ (၁၄၇)လမ်းဘေးတွင်ရပ်ထားသော ဘွန်ဂိုယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တို့မှ ကားဘီး ၂ လုံးတို့ကို ဖြုတ်ခိုးခဲ့သည်။

ယခုနှစ် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊သပြေကုန်းရပ်ကွက်၊ (၁၂၅) လမ်း ဘေးတွင်ရပ်ထားသော TOWN ACE ယာဉ်များမှ ကားဘီး ၃ လုံး၊ ရန်ကင်းမြို့နယ်အတွင်းရှိ မိုးကောင်း ဘုရားအနီးရှိ လမ်းဘေးတွင်ရပ်ထားသော ဘွန်ဂိုယာဉ်မှ ကားဘီး ၂ လုံး၊ (၃)ရပ်ကွက်၊ ရန်ရှင်းလမ်းဘေးတွင် ရပ်ထားသော ဟိုက်ဂျက်ယာဉ်နှင့် ဘွန်ဂိုယာဉ်များမှ ကားဘီး ၂ လုံး၊ မိုးကောင်းလမ်း၊ ကျောက်ကုန်း မီးပွိုင့် အနီးတွင် ရပ်ထားသော ဟိုက်ဂျက်ယာဉ်နှင့်လိုက်ထရပ်ယာဉ်များမှ ကားဘီး ၂ လုံး၊ ဒဂုံတောင်မြို့နယ်၊ (၂ဝ) ရပ်ကွက်အတွင်းရှိ လမ်းဘေး တစ်နေရာတွင် ရပ်ထားသော ကန်တာအပြာ ရောင်ယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တို့ှ မှ ကားဘီး ၂ လုံး၊ (၁၈)ရပ်ကွက် အတွင်းရှိ လမ်းဘေးတစ်နေရာတွင် ရပ်ထားသော လိုက်ထရပ်ယာဉ်များမှ ကားဘီး ၃ လုံးကို ဖြုတ်ခိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။

ထို့အပြင် တာမွေမြို့နယ်အတွင်းရှိ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာလမ်းဘေးတွင်ရပ်ထားသော TOWNAGE အဖြူရောင်ယာဉ်နှင့် ဟိုဂျက်အဖြူရောင်ယာဉ်မှ ကားဘီး ၃ လုံး၊ ပျားရည်ကုန်းရပ်ကွက်၊ ကျိုက္ကဆံ လမ်းဘေးတွင်ရပ်ထားသော TOWNAGE ယာဉ်မှ ကားဘီး ၂ လုံး၊ မအူကုန်းရပ်ကွက်အတွင်းရှိ လမ်းဘေး တစ်နေရာတွင် ရပ်ထားသော လိုက်ထရပ်ယာဉ်နှင့် ဘွန်ဂိုယာဉ်တို့မှ ကားဘီး ၂ လုံး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းမပေါ်တွင် ရပ်ထားသော ဘွန်ဂိုအဖြူရောင်ယာဉ်မှကားဘီး၂ လုံးတို့ကိုလည်း အသီးသီး ဖြုတ်ခိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးထားသူ ၃ ဦးကို အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly