မော်လမြိုင်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ခွဲစိတ်ပေးမည်ဖြစ်၍ စာရင်းပေးသွင်းနိုင်

မော်လမြိုင်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ခွဲစိတ်ပေးမည်ဖြစ်၍ စာရင်းပေးသွင်းနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ။              ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၅) တပ်မတော်ဆေးရုံ (ခုတင်-၃ဝဝ)တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ပြီး ခွဲစိတ်ကုသလိုသော လူနာများအနေဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း စတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 ပြည်နယ်နှင့် တိုင်းအသီးသီးရှိ လူနာများအနေဖြင့် စတင်စာရင်းပေးသွင်းနိုင်ပြီး ခရီးစရိတ်မှလွဲ၍ ခွဲစိတ်ကုသမှု ခံယူနေစဉ် လူနာအပါအဝင် လူနာစောင့်အတွက်ပါ နေထိုင်စားသောက်ရေးကို အခမဲ့ စီစဉ်ပေးမည်ဖြစ်သည်။

 Smile train ပရဟိတအဖွဲ့မှ တပ်မတော်မှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ ပြည်တွင်းမှ ခွဲစိတ်အထူးကုဆရာ ဝန်ကြီးများနှင့်အတူ လာမည့် မတ်လ ၄ ရက်နေ့မှ ၁ဝ ရက်နေ့အထိ ၆ ရက်ကြာ ခွဲစိတ်ကုသပေးသွားမည်ဖြစ် ကြောင်းသိရသည်။

“ အစီအစဉ်ကတော့ ဒီနေ့ကနေ ကြာသပတေးနေ့အတွင်း လူနာတွေလက်ခံနေပါပြီ။ လူနာတွေလက်ခံနေတဲ့ အတွင်းမှာပဲ သူတို့ကို ဆေးစစ်မှာပေါ့။ ဒီလူနာတွေက တခြားဘာရောဂါတွေရှိသေးလဲ။ နှလုံးရောဂါတို့ဘာတို့ ရှိနေရင်လည်း ခွဲစိတ်ကုသလို့ အဆင်မပြေရင်တော့ မပြေတဲ့အကြောင်း လူနာကို နှစ်သိမ့်ဆွေးနွေးပြီးတော့မှ ပြန်လွှတ်မှာပေါ့။ နောက်တဆင့်က ကူးစက်ရောဂါတွေရှိ၊ မရှိ သွေးဖောက် စစ်ဆေးတာတွေကို မတ်လ ၁ ရက် နေ့မှာ လုပ်သွားမယ်။ အဲ့ဒီအဆင့် ၂ ဆင့်ပြီးရင်တော့ ၄ ရက်နေ့မှာ ခွဲစိတ်မှုစလုပ်မှာပေါ့နော်”ဟု လူနာစာရင်း လက်ခံပေးနေသည့် ဒေါက်တာ ကျော်ဝဏ္ဏက မဇ္စျိမသို့ ပြောသည်။

ခွဲစိတ်ကုသချိန်တွင် တစ်ရက်လျှင် ၁ဝ ဦးမှ ၁၅ ဦးခန့်အထိ ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး အများဆုံး လူနာဦးရေ ရဝ ခန့်အထိ လက်ခံခွဲစိတ်ကုသပေးသွားမည်ဖြစ်ကာ လက်ရှိတွင် လူနာစာရင်းလက်ခံရာ၌ လူဦးရေ ကန့် သတ်ထားခြင်းလုံးဝမရှိကြောင်း ဒေါက်တာ ကျော်ဝဏ္ဏက ဆက်ပြောသည်။

“ လက်ရှိတော့ ကျွန်တော်တို့ လူ ၄ဝ ကျော်လောက်တော့ စာရင်းရသွားပြီ။ ဒါပေမယ့် ကျွန်တော်တို့ မကန့် သတ်ထားဘူးခင်ဗျာ။ လာသမျှ ဆေးစစ်ပြီးတဲ့နောက် တစ်ခုခု ချို့ယွင်းချက်ပြလို့ ပြန်လွှတ်လိုက်ရမယ့် လူတွေ လည်း ရှိနေသေးတယ်လေ။ အဲ့ဒါကြောင့် လက်ရှိတော့ ကျွန်တော်တို့ကတော့ ရနိုင်သမျှ လက်ခံပေးနေပါ တယ်။ လုံးဝကန့်သတ်ထားတာမရှိပါဘူး” ဟု ဒေါက်တာ ကျော်ဝဏ္ဏက ပြောသည်။

ထိုသို့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးရာတွင် အသက် ၁ နှစ်အောက် ကလေးများကို ခွဲစိတ်ရန် မသင့်သဖြင့် ကန့်သတ်ထားပြီးအခမဲ့ခွဲစိတ်ကုသလိုသည့် လူနာများအနေဖြင့် ဒေါက်တာ ကျော်ဝဏ္ဏ ၊ ဖုန်းနံပါတ်- 09-799 245 595 သို့ ခေါ်ဆိုစာရင်းပေးနိုင်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly