မတ်ပဲစျေးကွက် စျေးထိုးတက်နေ

မတ်ပဲစျေးကွက် စျေးထိုးတက်နေ

ရန်ကုန်၊ အောက်တိုဘာ ၂။                ။ ဧရာဝတီတိုင်း ဟင်္သတ ဈေးကွက်မာ မတ်ပဲတစ်တင်းကို ငွေကျပ်ငါးသောင်းနဲ့ အရောင်းအဝယ် ဖြစ်နေတာမို့ မတ်ပဲသမိုင်းမှာ ဈေးအမြင့်ဆုံးဖြစ်နေတဲ့အပြင် ရန်ကုန်ဈေးကွက်မှာလည်း မတ်ပဲ၊ ပဲစဉ်းငုံ၊ ရောင်းအားကောင်းနေတယ်ပါတယ်။

ဒီအခြေအနေ ဖြစ်လာတာဟာ အရန်ရိက္ခာလိုအပ်ချက် မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားကြောင့် ဖြစ်တယ်လို့ ဧရာဝတီတိုင်း ပဲနှမ်းအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ဆိုပါတယ်။ ဒီနှစ်ဟာ မတ်မပဲ တင်ပို့သမျှ အကြိမ်အရေအတွက်နဲ့ ဈေးအကောင်းဆုံးနှစ် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ဒီနှစ်မှာတော့ ထူးထူးခြားခြားဗျာ ဒီနေ့ပေါက်ဈေးဆိုရင် ငါးသောင်းငါးထောင် (ပိဿာ နှစ်ဆယ်) တစ်တင်းကိုပေါ့ မတ်ပဲသမိုင်းမှာ အမြင့်ဆုံးနဲ့ အထူးခြားဆုံးလို့ ပြောရမှာပါ” လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်တုန်းကတော့ ဟင်္သတ ဈေးကွက်မှာ မတ်ပဲတစ်တင်းကို ၄၀,၀၀၀ လောက်အထိ ရခဲ့ဖူးပေမယ့် ဒီနှစ်မှာတော့ စံချိန်တင်ဈေး ပြန်ဖြစ်လာတာပါ။

“ဒီနှစ်မှာ တက်တာကလည်း အိန္ဒိယက ဝယ်ယူတဲ့ မတ်ပဲနဲ့ ပဲစဉ်းငုံ အဲနှစ်ခုက ဈေးနှုန်း မကြုံဖူးလောက်အောင် တက်သွားတယ်၊ ပဲစဉ်းငုံဆိုရင် တစ်တန်ကို ၁၇ သိန်းလောက် အရောင်း အဝယ်ဖြစ်ပြီးတော့ နောက်ပိုင်း ပြည်တွင်းမှာ ပဲလက်ကျန် တော်တော်ကိုနည်းသွားတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း ပဲလက်ကျန် မရှိတော့ခြင်း၊ အိန္ဒိယ နိုင်ငံအတွင်း ရာသီဥတု ဖေါပြန်ခြင်းတို့ကြောင့်လည်း ဈေးနှုန်းတက်ခြင်းဟု ဦးမင်းဦးက သုံးသပ်သည်။

“မြန်မာနိုင်ငံမှာ ပဲလက်ကျန် ပြတ်သွားတာရော၊ အိန္ဒိယက ပဲလက်ကျန် နည်းတာရော နောက်တစ်ခါ ပိုပြီးထူးခြားတာကဒီနှစ် စက်တင်ဘာ၊ အောက်တိုဘာဆိုရင် အိန္ဒိယက ပဲထွက်တဲ့ကာလ၊ သူတို့တွေ စက်တင်ဘာ စိုက်ဧကများပါတယ်လို့ သူတို့ကြေငြာတယ်။ ပဲထွက်လာတဲ့ အချိန်ထဲမှာ ဈေးနှုန်းတက်တဲ့ အခါကြတော့ ပြောရင် အိန္ဒိယက ပဲစိုက်ပျိုးမှုမှာ ရာသီဥတုဖောက်ပြန်မှု အနေအထားနဲ့ အားရစရာ မရှိဘူးလို့ သုံးသပ်တယ်” ဟု ပြောသည်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း စက်တင်ဘာလ ဝန်းကျင်ထိ ပဲမျိုးစုံ ပြည်ပကို တင်ပို့ရာတွင် တန်ချိန် ၆၀၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့သည်။ ယခုအချိန်တွင် လက်ရှိအချိန်ထိ တန်ချိန် ၇၀၀,၀၀၀ ကျော် တင်ပို့ပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များ အသင်းက ထုတ်ပြန်သည်။

၂၀၁၆ ခုနှစ် ဈေးကွက်အတွက် အိန္ဒိယနိုင်ငံသည် ပဲအထွက်နှုန်း ထပ်ပြီးလျှော့ကျရန် ရှိပြီး မြန်မာနိုင်ငံသည်လည်း ပဲလက်ကျန် နည်းပါးနေခြင်းကြောင့် ဈေးကောင်းရရန် မျှော်လင့်နိုင်သည် ဟုလည်း ပဲနှမ်းအသင်းအတွင်းရေးမှူးက သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly