ပုသိမ်ကြီးတွင် ကြက်တိုက်သူ ၃ ဦးအား ဖမ်းဆီးစစ်ဆေးနေ

ပုသိမ်ကြီးတွင် ကြက်တိုက်သူ ၃ ဦးအား ဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅  ။       ။   မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာစံကျေးရွာ၊ အနောက်လယ်မြေ ကွက်တွင် တိုက်ကြက် လောင်းကစားပြုလုပ်ခဲ့သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သိရသည်။

ကြက်တိုက် လောင်းကစားပြုလုပ်မှုကြောင့် ဖမ်းဆီးထားသူ ၃ ဦးမှာ အောင်မြေသာစံမြို့နယ်နေ အသက် ၅၂ နှစ်အရွယ် ဦးဝင်းကျော်၊ ပုသိမ်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးသန်းလွင်နှင့် တောင်တံတိုင်းရှည်ကျေးရွာနေ အသက် ၄၆ နှစ်အရွယ် ဦးသန်းနိုင်ဦး တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အား ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ပုသိမ်ကြီးမြို့မရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ ငြိမ်းချမ်းသာစံကျေးရွာ၊ အနောက်လယ်မြေ ကွက်တွင် ကြက်တိုက်နေသူများအား ၁ဝ ဦးခန့်တွေ့ရှိခဲ့ပြီးနောက်  ယင်းအထဲမှ ဦးဝင်းကျော်အပါ ၃ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့နှင့်အတူ ကြက် ၂ ကောင်၊ လောင်းကြေး ငွေကျပ် ၁ သိန်းကျော်( ၁၅၈,၇၅ဝ)၊ ဖုန်း ၁ လုံးနှင့် ကြက်တိုက်လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းတို့ကိုလည်း ရဲတပ်ဖွဲ့မှ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အသက် ၅၂ နှစ်အရွယ် ဦးဝင်းကျော်၊ အသက် ၆၅ နှစ်အရွယ် ဦးသန်းလွင်နှင့် အသက် ၄၆ နှစ်အရွယ် ဦးသန်းနိုင်ဦးတို့ ၃ ဦးကို ပုသိမ်ကြီးမြို့မရဲစခန်းတွင် (ပ)၁ဝ၅/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ-၁၂(က)အရ အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။

ဓာတ်ပုံ- မန္တလေးတိုင်းရဲတပ်ဖွဲ့  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required