မြန်မာ-ဂျာမနီ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဘီလီယံကျော်ရှိ

မြန်မာ-ဂျာမနီ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဘီလီယံကျော်ရှိ
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က ပြုလုပ်သော မန္တလေးစီးပွားရေးဖိုရမ်တွင် ဂျာမနီကုန်အမှတ်တံဆိပ်များအား ဝင်ရောက်ပြသစဉ်။ ဂျာမနီသံရုံး

မြန်မာ- ဂျာမနီ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကို ကျော်လွန်ခဲ့ကြောင်း ဂျာမနီသံရုံးမှ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါကုန်သွယ်မှုတွင် မြန်မာမှ ဂျာမနီနိုင်ငံသို့ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိခဲ့ပြီး ပို့ကုန်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၄၅ မီလီယံ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ အဓိကအားဖြင့် အထည်အလိပ်၊ ကျောက်မျက်ရတနာ နှင့် ဆန်စပါးကို တင်သွင်းပြီး ဂျာမနီ ဘက်မှ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများ နှင့် ဓာတ်ပုံပညာရပ်ဆိုင်ရာ ထုတ်ကုန်များကို တင်ပို့နေခြင်း ဖြစ်သည်။

လက်ရှိတွင် ဂျာမနီနိုင်ငံသည် အီးယူနိုင်ငံများအနက် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံ ဖြစ်နေပြီး၂၀၁၄ခုနှစ်မှ စတင်၍ ဂျာမနီ - မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 အထူးသဖြင့် မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၃၃ မီလီယံဖြင့် သိသိသာသာ မြင့်တက်လာခဲ့ပြီး ဂျာမနီနိုင်ငံမှ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၃၁ မီလီယံ ဖြင့် အနည်းငယ်တိုးတက်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အဆိုပါ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာအချက်အလက်များကို ဂျာမနီနိုင်ငံ၊ စာရင်းအင်းဌာန ဝက်ဘ်ဆိုက် www.destatis.de သို့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly