ရခိုင်ပြည်နယ်အတွက် ကုလသမဂ္ဂမှတစ်ဆင့် ကူညီမှုများအပြင် တိုက်ရိုက် အကူအညီများလည်း ပေးသွားမည် ဟု ဂျပန်သံအမတ်ဆို

ရခိုင်ပြည်နယ်အတွက် ကုလသမဂ္ဂမှတစ်ဆင့် ကူညီမှုများအပြင် တိုက်ရိုက် အကူအညီများလည်း ပေးသွားမည် ဟု ဂျပန်သံအမတ်ဆို
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ။           ။ ရခိုင်ပြည်နယ်အတွက် ကုလသမဂ္ဂမှတစ်ဆင့် ကူညီထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်သလို တိုက်ရိုက် အကူအညီများလည်း ပေးသွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama ကပြောသည်။

"ဒီလ ၂၆ရက်နေ့မှာ နေပြည်တော်မှာ ကုလသမဂ္ဂကနေတစ်ဆင့် ရခိုင်ပြည်နယ်အတွက် အကူအညီပေးဖို့ လက်မှတ်ထိုးပွဲအခမ်းအနားလည်းရှိပါတယ်။ အဲဒီအကူအညီဟာ ကုလသမဂ္ဂကနေတစ်ဆင့် အမေရိကန်ဒေါ် လာ သန်း ၄ဝအကူအညီပေးဖို့ အစီစဉ်ရှိပါတယ်။ အဲဒါတင်မက ကျွန်တော်တို့ ဂျပန်အစိုးရက မြန်မာအစိုးရကို တိုက်ရိုက်အကူအညီပေးဖို့ အစီအစဉ်တွေရှိပါတယ်" ဟု H.E. Mr. Ichiro Maruyama ကပြောသည်။

ဖေဖော်ဝါရီ ၂၂ရက်က ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့တွင် ပြုလုပ်ခဲ့သည့် Rakhine Investment Fair 2019 အခမ်း အနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး ဂျပန်အစိုးရ၏ရပ်တည်ချက်မှာ မြန်မာအစိုးရနှင့် ပူေါင်း၍ အကူ အညီများ ဆက်လက်ပေးသွားမည်ဟု ဂျပန်သံအမတ်ကြီး ကပြောသည်။

ဂျပန်အစိုအနေဖြင့် JETRO၊ JICA စသောအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တိုက်ရိုက်အကူအညီများကို ဆက် လက်ပေးသွားမည်ဖြစ်ပြီး ၂၀၁၂ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် အခြေခံစာသင်ကျောင်း ၁၀၀ ဆောက်လုပ်ခဲ့ကာ ၂၀၁၈ခုနှစ်မှ စတင်ပြီး ၅နှစ်အတွင်း အခြေခံစာသင်ကျောင်း ၈၀ ဆောက်လုပ်သွားရန် ရှိ ကြောင်း သိရသည်။

ပဋိပက္ခများကြောင့် လုံခြုံရေးမကောင်းလျှင် ပုဂ္ဂလိကကုမ္ပဏီများကို အေးအေးဆေးဆေး စီးပွားရေးလုပ်ငန်း လုပ်နိုင်မည်မဟုတ်ခြင်းကြောင့် လုံခြုံရေးအတွက် ပဋိပက္ခများမရှိအောင် မြန်မာအစိုးရအပေါ် အကူအညီပေး နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး စသော ကဏ္ဍများတွင် JICA နှင့် ပူးပေါင်းပြီး စီးပွားရေးအကူအညီများ ပိုမိုပေးသွား ရန်ရှိကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဂျပန်လုပ်ငန်းရှင်များအနေဖြင့် ပုစွန်မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း စသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Rakhine State Investment Fair 2019 ကို ဖေဖော်ဝါရီ ၂၁မှ ၂၃ရက်အထိ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့မ်းခြေတွင် ကျင်းပခဲ့ပြီး စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) စာချုပ် လုပ်ငန်းအရေအတွက် ၂၈ခုလက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဂျပန်၊ ကိုရီးယား၊ ထိုင်း စသည့်နိုင်ငံများမှ စိတ်ဝင်စားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly