လေယာဉ်နဲ့လား ဒရုန်းနဲ့လား မက္ကဆီကိုနယ်စပ်က မိုးပေါ်မှ ကျလာသည့် ဆေးခြောက်ထုပ်များ

လေယာဉ်နဲ့လား ဒရုန်းနဲ့လား မက္ကဆီကိုနယ်စပ်က မိုးပေါ်မှ ကျလာသည့် ဆေးခြောက်ထုပ်များ

နိုဂါလိ၊ အောက်တိုဘာ-၂ ။            ။ မာယာ ဒွန်နဲလီတစ်ယောက် နံနက်အာရုဏ်တက်ချိန် မိုးခြိမ်းသံလို ကြားလိုက်ရသောကြောင့် အိပ်ယာမှ လန့်နိုးလာခဲ့သော်လည်း ဖြစ်နေကျ မုတ်သုံမုန်တိုင်းပဲဟု ယူဆကာ ပြန်လည် အိပ်ပျော်သွားခဲ့သည်။

ထိုနံနက်နှောင်းပိုင်းရောက်မှ အမေရိကန်-မက္ကဆီကို နယ်စပ်အနီး နိုဂါလိမြို့ကလေးမှ သူမ၏ နေအိမ်ရှိ ကားဂိုဒေါင်အတွင်းသို့ ကြည့်လိုက်သည့်အခါတွင် မြေပြင်တွင် သစ်သားစများ   ပြန့်ကျဲနေသည့် ကြားထဲတွင် ပလပ်စတစ်အနက် အထုပ်ကြီးကြီးတစ်ထုပ်ကို တွေ့လိုက်ရသည်။

အထုပ်ထဲတွင် ပျမ်းမျှ ၂၆ပေါင်ခန့်လေးမည့် ဆေးခြောက်များ။ အာဏာပိုင်များက ကာလတန်ကြေး ကန်ဒေါ်လာ ၁၀၀၀၀ခန့်ရှိမည်ဟု ပြောသည့် ထိုဆေးခြောက်ထုပ်မှာ မူးယစ်ဆေးမှောင်ခိုသမားများ၏ လေယာဉ်ပေါ်မှ နေရာမှားပြီး ပစ်ချလိုက်ပုံရသည်။

ထိုဖြစ်ရပ်ကို ဒွန်နဲလီ၏ ပြန်ပြောင်းပြောပြချက်မှာ ဦးစွာ Nogales International သတင်းစာတွင် ဖော်ပြပါရှိလာခဲ့သည်။ ‘အဲဒီအထုပ်က ကျမတို့ရဲ့ ခွေးအိပ်ပေါ်တည့်တည့်ကို ကျလာခဲ့တာပေါ့။ ကားဂိုဒေါင်ခေါင်မိုးကို ဖောက်ပြီး ကျလာတာ ခပ်ဝိုင်းဝိုင်း အပေါက်တစ်ပေါက်တောင် ဖြစ်သွားတယ်’’ဟု သူမက ပြောကြားခဲ့သည်။

နယ်စပ်တွင်နေထိုင်လာသည်မှာ ကျင့်သားရနေပြီဖြစ်၍ ဒွန်နဲလီက ထိုအထုပ်မှာ မူးယစ်ဆေးဝါးများဖြစ်လိမ့်မည်ဟု တန်းသိသည်။ သူမက ခင်ပွန်းသည်ဘီကို ခေါ်လိုက်ရာ ဘီက ၉၁၁သို့ ဖုန်းဆက်အကြောင်းကြားလိုက်သည်။

မက္ကဆီကိုမှ မူးယစ်ဆေးများ ခိုးသွင်းလာသည့် အပေါ့စားလေယာဉ်တစ်စင်းက မြာက်ယွန်းယွန်း ပစ်ချရမည့်နေရာသို့မရောက်မီ မှားယွင်း၍ မတော်တဆပစ်ချမိခြင်းဖြစ်နိုင်သည်ဟု ရဲက   ပြောကြားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

နိုဂါလိရဲချုပ် ဒဲရက် အာန်ဆန်ကမူ သူတာဝန်ဖြင့် ပြောင်းရွှေ့လာသည့် ၃နှစ်တာကာလအတွင်း မိုးပေါ်မှကျလာသည့် မူးယစ်ဆေးထုပ်က နေအိမ်ဆောက်အအုံကို ထိမှန်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

‘တစ်ယောက်ယောက်က မှားပြီးပစ်ချလိုက်တာ ကိုယ့်အိမ်ပေါ်ကျလာမယ်လို့ ဘယ်သူက သိနိုင်မှာလဲ’’ဟု အာန်ဆန်က ပြောကြားခဲ့သည်။

ဆေးခြောက်ထုပ်ကို လေယာဉ်ဖြင့် သယ်ဆောင်လာခဲ့သည်လား၊ မောင်းသူမဲ့ ဒရုန်းယာဉ်ဖြင့် သယ်လာခဲ့သည်လားဆိုသည်ကိုမူ ရဲတပ်ဖွဲ့က ခွဲခြားရန်ကြိုးစားနေဆဲဟု ဆိုသည်။ ထိုအဖြစ်မျိုးကလည်း ညတွင်သာ ကြုံကြရလေ့ရှိသည်။

ဆေးခြောက်ထုပ်ကို ရဲလက်သို့ အပ်လိုက်ပြီဖြစ်၍ တစ်ယောယောက်က လာရောက်ရှာဖွေဖွယ်မရှိကြောင်းလည်း မာယာ ဒွန်နဲလီက ပြောသည်။ အာန်ဆန်က သဘောတူသော်လည်း ဒွန်နဲလီ၏ အနီးဝန်းကျင်ကို စောင့်ကြည့်ရန် ရဲတပ်ဖွဲ့ကို တပ်လှန့်ထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly