ခုံးကျော်တံတားများတွင် ရထားနှင့် ကားတိုက်မှု နှစ် ၂ဝ အတွင်းအများဆုံးဖြစ်ပွား

ခုံးကျော်တံတားများတွင် ရထားနှင့် ကားတိုက်မှု နှစ် ၂ဝ အတွင်းအများဆုံးဖြစ်ပွား
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ။                  ။ ပြီးခဲ့သည့်နှစ်အတွင်း ခုံးကျော်တံတားများတွင် ရထားနှင့် ကားတိုက်မှုမှာ နှစ် ၂ဝ အတွင်း အများဆုံး ဖြစ်ပွား ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း မီးရထား မတော်တဆမှုမှာ  ၃၅ဝ အထိဖြစ်ပွားခဲ့ပြီး ယင်းအထဲမှ ခုံးကျော်တံတားများတွင်  ရထားနှင့် ကားတိုက်မှုမှာ ၈၈ မှုထိရှိခဲ့ကာ ဒဏ်ရာရရှိသူ ၅၉ ဦး၊  သေဆုံးသူ ၁၆ ဦး ရှိခဲ့ကြောင်း မြန်မာ့မီးရထားရုံးချုပ်(နေပြည်တော်)၊ သွားလာပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးကပြောသည်။

" ၃၅ဝ မှာ ခုံးကျော်မှာတိုက်တာ ၈၈ ကြိမ်ထိဖြစ်တဲ့အတွက် ၂၅ ဒသမ ၁ ရာခိုင်နှုန်းထိဖြစ်ခဲ့တယ်။ ဒါသည် အင်မတန်ကြောက်စရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေဆုံးရှုံး ရတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအပြင့် နောက်ဆက်တွဲ အနေနဲ့ ကျွန်တော်တို့ ရထားဥပဒေအရ တရားစွဲဆိုမှု ခံရတာဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေမဖြစ်အောင် မီဒီယာများအနေနဲ့ ကျွန်တော်တို့ကို ပြည်သူတွေသိအောင် ကူညီပေးပါ"ဟု ဦးကျော်ကျော်မျိုးကပြောသည်။

ရထားတိုက်ခြင်း၊ တိုက်လုနီးပါးဖြစ်ခြင်း၊ လမ်းခရီးဘီးချော်တိမ်းမှောက်ခြင်း၊  ဘူတာရပ်ဝင်း ဘီးချော်ကျခြင်းများ နှင့် တွဲဆိုင်းပြတ်ခြင်းစသည့် ကိစ္စများမှာ  မြန်မာ့မီးရထားနှင့် သက်ဆိုင်သည့် ကိစ္စများသာ ဖြစ်သော်လည်း ခုံးကျော်များတွင်  ရထားနှင့် ကားတိုက်မှုဖြစ်ပွားရခြင်းမှာ မြန်မာ့မီးရထားကြောင့် မဟုတ်ဘဲ ရထားလမ်းများ အား မဆင်မခြင် စည်းကမ်းမဲ့ ဖြတ်သန်းရာကနေ ဖြစ်ခဲ့သည့် မတော်တဆမှုများသာဖြစ်ကြောင်း မြန်မာ့မီး ရထားမှ တာဝန်ရှိသူများက ဆိုသည်။

"ဒီလို ခုံးကျော်မတော်တဆ မဖြစ်ပွားစေရေးအတွက် ကျွန်တော်တို့ အသိပညာပေးလုပ်ငန်းတွေကို ကျွန်တော် မီးရထားအပိုင်းကနေပြီးတော့ တတ်နိုင်သမျှ ဆောင်ရွက်နေပါတယ်" ဟု မြန်မာ့မီးရထား ရုံးချုပ်(နေပြည်တော်)၊ သွားလာပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးကပြောသည်။

၁၉၈၈ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ နှစ် ၂ဝ အတွင်း ခုံးကျော်တံတားများတွင် ရထားနှင့် ကားတိုက်မှုမှာ ၆၆၅ မှုထိရှိခဲ့ပြီး ရထားမတော်တဆမှုဖြစ်ပွားခဲ့ခြင်း စုစုပေါင်းမှာ ၁ သောင်းကျော်( ၁ဝ,၉၄၈)ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မြန်မာ့မီးရထားဌာနမှ တစ်နိုင်ငံလုံးအတွင်း ခရီးသည်တင်ရထား၊ ကုန်တင်ရထား၊ စာပို့ရထားနှင့် အခြား အခြားသော ကဏ္ဍများ အတွက်  တစ်ရက်လျှင် ရထားစင်းရေ ၄၄၃ စင်းဖြင့် ပြေးဆွဲပေးနေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly