ကျောက်ဆည်တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မိန်းကလေး ရုပ်အလောင်းတွေ့ရှိ

ကျောက်ဆည်တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မိန်းကလေး ရုပ်အလောင်းတွေ့ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ။         ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာတွင် မီးလောင်ဒဏ်ရာများနှင့် သေဆုံးနေသော အမျိုးသမီးအလောင်းတစ်လောင်ကို တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ ထုံးဖိုကွင်းမြောက်ဘက် ၂ မိုင်ခန့် အကွာရှိ ဦးမြင့်စိုး ဆိုသူ၏ ယာတောဘေး ကန္တာရတောအတွင်း၌ မီးလောင်ဒဏ်ရာဖြင့်သေဆုံးနေသော မိန်းကလေးအလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် တောင်တော်ကျေးရွာတွင် နေထိုင်သော မချောစုလှိုင်(၁၄)နှစ်ဖြစ်ပြီး သံရွာနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ မချောစုလှိုင်၏ အလောင်းအား မီးလောင် ဒဏ်ရာများ တွေ့ရှိပြီး အလောင်းအနီးတွင် မီးလောင်ထားသော ဂါတ်စ်မီးခြစ်၊ မီးသံကာ၊ စပရိန်၊ ဓာတ်ဆီ ထည့်ထားသည့် အရည်ပျော်လျက် ပလစ်စတစ်ပုံးငယ် ၁ ခုတို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

 အဆိုပါ မိန်းကလေးသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီအချိန်တွင် မိခင်ဖြစ်သူ ဒေါ်ပြည့်တင်မှ အဝတ်လျှော်ခိုင်းရာ မချောစုလှိုင်မှ မလုပ်သဖြင့် လူအများရှေ့တွင် ဆူပူကြိမ်းမောင်းခဲ့ကြောင်း၊ ထို့နောက် မိခင်ကို စိတ်ဆိုးပြီး နေအိမ်မှ ထွက်သွားခဲ့ပြီးနောက် မီးလောင်သေဆုံးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။

ထိုဖြစ်စဉ်ကို သံရွာနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၉)ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly