ဆီးရီးယားဒုက္ခသည် ၃,၀၀၀ကို မလေးရှား လက်ခံမည်

ဆီးရီးယားဒုက္ခသည် ၃,၀၀၀ကို မလေးရှား လက်ခံမည်

နယူးယောက်၊ အောက်တိုဘာ ၂ ။             ။ ဒုက္ခသည်အကျပ်အတည်းကို လျော့ပါးသက်သာစေရန် ကူညီသည့်အနေဖြင့် လာမည့်သုံးနှစ်အတွင်း ဆီးရီးယားဒုက္ခသည် ၃,၀၀၀အတွက် မလေးရှားက တံခါးဖွင့်ပေးသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က အောက်တိုဘာ ၁က ကုလသမဂ္ဂတွင် ပြောကြားခဲ့သည်။

၎င်းတို့၏နိုင်ငံမှ အစုလိုက်အပြုံလိုက်ထွက်ပြေးနေသော အပယ်ခံဆီးရီးယားလူမျိုးများ၏ သာယာဝပြောရေးအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် မွတ်စလင်နိုင်ငံများတွင် တာဝန်ရှိသည်ဟု နာဂျစ်က ဆိုသည်။

ယင်းသို့ထွက်ပြေးနေမှုက ဥရောပတွင် လူမှုရေးနှင့် စီးပွားရေးဖိစီးမှုများ ဖြစ်စေလျက်ရှိသည်။"ဒါ့ကြောင့် စစ်ဘေး၊ အငတ်ဘေးနဲ့ နှိပ်စက်မှုဘေးတွေကနေ ထွက်ပြေးနေတဲ့ လူအများအပြားကို မလေးရှားက လာမဲ့နှစ်တွေအတွင်း လက်ခံသွားမှာပါ"ဟု နာဂျစ်က ပြောသည်။ လက်ရှိအချိန် ကျွန်တော်တို့မှာ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာရှိနေပါတယ်။

အန်ဒမန်ပင်လယ်မှာ ကြောက်မက်ဖွယ် လူသားချင်းစာနာမှုအခြေအနေတစ်ခု ဖြစ်ပေါ်လာချိန် ဒီနှစ်အစောပိုင်းက သူတို့ကို ကျွန်တော်တို့လက်ခံခဲ့တာပါ" ၂၀၁၁ခုနှစ် ပြည်တွင်းစစ်စတင်ကတည်းက အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့သည့် ဆီးရီးယားဒုက္ခသည် အရေအတွက်မှာ လေးသန်းခန့်ရှိနေသည်ဟု သိရသည်။

ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းကို ကိုင်တွယ်ရန် နိုင်ငံတကာဖြေရှင်းချက်အသစ်များ လိုအပ်နေသည်ဟုလည်း နာဂျစ်က ပြောကြားခဲ့သည်။ အကူအညီပေးရေးနှင့် ပတ်သက်၍ အသေးစိတ်အချက် အလက်များကို တွက်ချက်နေကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးနှင့် ဒု-ဝန်ကြီးချုပ် ဇာဟစ်ဟာမီဒီက ပြောသည်။ သို့သော်လည်း ဘော်လ်ကန်ပဋိပက္ခကနေ ထွက်ပြေးခဲ့သော ဘော့စ်နီးယား ဒုက္ခသည် များအတွက် ၁၉၉၀ပြည့်လွန်နှစ်များကလည်း အလားတူ အစီအစဉ်များပြုလုပ်ပေးခဲ့ဖူးသည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly