ရခိုင်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် လုပ်ငန်း ၂၈ခု EOI လက်မှတ်ရေးထိုးနိုင်ခဲ့

ရခိုင်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် လုပ်ငန်း ၂၈ခု EOI လက်မှတ်ရေးထိုးနိုင်ခဲ့
ဓာတ်ပုံ - သက်ကို

ငပလီ၊ ဖေဖော်ဝါရီ ၂၃ ။         ။ ရခိုင်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) စာချုပ် လုပ်ငန်းအရေအတွက် ၂၈ခုလက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်အေးသိန်း ကပြောသည်။

“ကျွန်တော်တို့ ဒီပွဲမှာ အအောင်မြင်ဆုံးကတော့ EOI ရေးထိုးနိုင်ခဲ့ပါတယ်။ ရေးထိုးနိုင်တဲ့လုပ်ငန်းအရေအတွက်ကတော့ ၂၈ခုရှိပြီးတော့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီခဲ့တာကတော့ အမေရိကန်ဒေါ်လာ ၄.၉၂၇ ဘီလီယံဖြစ်ပါတယ်”ဟု ဦးကျော်အေးသိန်း ကပြောသည်။

Rakhine State Investment Fair 2019 ကို ဖေဖော်ဝါရီ ၂၁မှ ၂၃ရက်အထိ ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေတွင် ကျင်းပနေပြီး ဖေဖော်ဝါရီ ၂၂ရက် ညနေပိုင်းတွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော သတင်းစာရှင်း လင်းပွဲတွင် ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်း ၂၈ခုကို တစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဂျပန် JICA နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်း နှီးမြှုပ်နှံမှုပြပွဲများကျင်းပခဲ့ပြီး ယခုအကြိမ်သည် ၅ကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။

“ဒီနေ့ပွဲကတော့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုပြပွဲတွေထဲမှာ အအောင်မြင်ဆုံးပွဲလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုပြပွဲလုပ်မယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော်တို့က နိုင်ငံတကာစီးပွားရေးအဖွဲအစည်းတွေ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ သံတမန်တွေ မိတ်ဖက်အဖွဲ့အစည်းတွေအားလုံး အကြောင်းကြားပြီး ဖိတ်ခေၚတဲ့အချိန်မှာ အားလုံးက လိုလိုလားလားနဲ့ တုံ့ပြန်တာကို တွေ့ရ ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောသည်။

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဂျပန်၊ ကိုရီးယား၊ ထိုင်း စသည့်နိုင်ငံများမှ စိတ်ဝင်စားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly