တောင်ငူမြို့နယ် လူမြင်ကွင်းတွင် အသတ်ခံခဲ့ရသည့် ဇနီးမောင်နှံနှစ်ဦး၏ ဈာပနပြုလုပ်

တောင်ငူမြို့နယ် လူမြင်ကွင်းတွင် အသတ်ခံခဲ့ရသည့် ဇနီးမောင်နှံနှစ်ဦး၏ ဈာပနပြုလုပ်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ဖေဖော်ဝါရီ ၂၃ ရက် ။                ။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်မြို့၊ လူမြင်ကွင်းနေရာ၌ အသတ်ခံခဲ့ရသည့် အသက် ၄၉ နှစ်အရွယ် ဦးစိုးလင်းသန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ချောစုစုလင်းတို့ကို ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရေဝေးသုသာန်တွင် ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် ၁ဝ နာရီတွင် မီးသင်္ဂြိုလ်ခဲ့သည်။

ဦးစိုးလင်းသန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ချောစုစုလင်းတို့မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး လူသတ်မှု ကျူးလွန်သူူများမှာ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်မြို့၊ မင်းကြီးဆွေ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၇၆ နှစ်အရွယ် ဦးတိုးကြည်နှင့် ၎င်း၏ သားဖြစ်သူ အသက် ၅၁ နှစ်အရွယ် ရဲဝင်းတို့ဖြစ်ကြောင်း သိရသည်။

လူသတ်မှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ အသတ်ခံရသူ ဦးစိုးလင်းသန်း၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ချောစုစုလင်းတို့မှာ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းက ရန်ကုန်မှ တောင်ငူသို့ ရောက်ရှိလာပြီး လူသတ်မှုကျူးလွန်သူ သားအဖ ဆီမှ ၂ဝ၁၂ ခုနှစ်က ဝယ်ယူထားသည့် အိမ်ခြံမြေဂရမ် သက်တမ်းတိုးရန်အတွက် မှတ်ပုံတင်မိတ္ထူနှင့် အိမ်ထောင်စုစာရင်းမိတ္ထူတောင်းယူခဲ့ရာမှ အချင်း များခဲ့ကြောင်း သိရသည်။

ထိုသို့ အချင်းများခဲ့ပြီးနောက် ဦးစိုးလင်းသန်းတို့ မိသားစုမှာ ယင်းနေအိမ်မှ ထွက်ခွာလာစဉ် နေအိမ်ခြံဝင်းရှေ့ အရောက် ဦးတိုးကြည်တို့ သားအဖနှစ်ဦးက နောက်မှလိုက်လာပြီး နပမ်းလုံးတွန်းလှဲခဲ့ကာ လမ်းဘေး ဓာတ်မီးတိုင်အောက်တွင်ရှိနေသည့် လုံးပတ် ကျပ်လုံးခန့်၊ အရှည် ၁ဝ လက်မရှိ သံချောင်းတပ်ဆင်ထားသော တင်းပုတ်သဏ္ဍာန် လမ်းမီးတိုင်ကြေးသီးဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ကေတုမတီ မြို့သစ်နယ်မြေရဲစခန်းမှ သိရသည်။

အဆို လူသတ်မှုဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုမှာလည်း အခင်းဖြစ်ပွားသည့်နေ့တွင်ပင် လူမူကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများမြင့်တက်ခဲ့ကာ ကျူးလွန်သူများအား သေဒဏ်ပေးရေးအတွက်လည်း တောင်းဆိုမှုများ ရှိနေသည်။

လက်ရှိတွင် အဆိုပါ ကျူးလွန်သူ ၂ ဦးအား ဖမ်းဆီး စစ်ဆေးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly