မြန်မာ ယူ ၂၂ အသင်း  မလေးရှားကို ရှုံးနိမ့်အပြီး အုပ်စုအောက်ဆုံးအဆင့်ဖြင့် ပြိုင်ပွဲမှ ထွက်ခွာ

မြန်မာ ယူ ၂၂ အသင်း  မလေးရှားကို ရှုံးနိမ့်အပြီး အုပ်စုအောက်ဆုံးအဆင့်ဖြင့် ပြိုင်ပွဲမှ ထွက်ခွာ
Photo: MFF

ဖေဖော်ဝါရီလ ၂၂ ။         ။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပပြုလုပ်နေသည့် AFF U22 Championship 2019 ပြိုင်ပွဲ၌ မလေးရှား ယူ ၂၂ အသင်းနှင့် မြန်မာ ယူ ၂၂ အသင်းတို့ အုပ်စုအဆင့် နောက်ဆုံးယှဉ်ပြိုင်ရာ မလေးရှားအသင်းကို ရှုံးနိမ့်အပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် မျှော်လင့်ချက် မှေးမှိန်ခဲ့ရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်၊ ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းပိုင် RSN ကွင်း၌ ယှဉ်ပြိုင်ကစားရာတွင် မြန်မာ ယူ ၂၂ အသင်းမှာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ ယူ ၂၂ အနေဖြင့် ယခုပွဲကို  အနိုင်ရရှိရန်သာမက နေရှင်နယ်အိုလံပစ်ကွင်းတွင် ယှဉ်ပြိုင်မည့် ကမ္ဘောဒီယားအသင်းနှင့်အင်ဒိုနီးရှားပွဲစဉ်တွင် အိမ်ရှင်ကမ္ဘောဒီယား အနိုင်ရရှိပါမှ ဆီမီးဖိုင်နယ် တက်ရောက်ရန် မျှော်လင့်နိုင်မည် ဖြစ်သော်လည်း အင်ဒိုနီးရှားက ကမ္ဘောဒီယားအသင်းကို သွင်းဂိုး ၂ ဂိုး နှင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် မြန်မာ ယူ ၂၂ အသင်းအနေဖြင့် AFF U22 Championship 2019 တွင် အုပ်စုအောက်ဆုံးအဆင့်ဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းသည် ဂိုးသမား ဘုန်းသစ္စာမင်း၊ နောက်တန်းကစားမားဖြစ်သော ဟိန်းဖြိုးဝင်း ၊ ဝင်းမိုးကျော်၊ ရဲရင့်အောင်၊ ဇင်ရဲနောင်၊ ကွင်းလယ်ကစားသမားများဖြစ်သော ရဲမင်းသူ၊ လွင်မိုးအောင်၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ တိုက်စစ်ကစားသမားများဖြစ်သော ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်းတို့ကို ပွဲထုတ်အသုံးပြုပြီး ပြိုင်ဘက်မလေးရှားအသင်းကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းအနေဖြင့်  မလေးရှားအသင်း၏ တိုက်စစ်ထိုးဖောက်မှုကို မြန်မာအသင်း၏ နောက်တန်းကစားသမားများ အမှားများ ကျူးလွန်ခဲ့သောကြောင့် ပထမပိုင်းပြီးကာနီး ပွဲကစားချိန် ၄၄ မိနစ်တွင် မလေးရှားအသင်း၏ ဦးဆောင် ဂိုးကို ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။

ဆက်လက်ပြီး မြန်မာအသင်းအနေဖြင့် ဒုတိယပိုင်း တွင် ချေပဂိုးရမည့် အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း အဆုံးသတ် မသေချာမှုကြောင့် အခွင့်ရေးများ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

မြန်မာအသင်းသည့် ပွဲကစားချိန်အပြီးတွင် အဝါကဒ် ၄ ကြိမ် ထိထားပြီး မလေးရှားအသင်းသို့ ထိရောက်သည့် တိုက်စစ် အကြိမ် ၄၀ ခန့် လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုလို ရလဒ် ထွက်ပေါ်လာခဲ့သည်။

မြန်မာအသင်း ပါဝင်သည့် အုပ်(ခ) ပွဲစဉ်တွင် အိမ်ရှင် ကမ္ဘောဒီယားက ရမှတ် ၆ မှတ်ဖြင့် ထိပ်ဆုံးနေရာတွင် ရှိနေပြီး အင်ဒိုနီးရှားအသင်းက ရမှတ် ၅ မှတ် ၊ မလေးရှားအသင်းက ရမှတ်  ၄ မှတ်နှင့် မြန်မာအသင်း ရမှတ် ၁ မှတ် ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly