အစ္စရေးရဲ့ ပထမဆုံး လကမ္ဘာအာကာသယာဉ်ကို ဖလော်ရီဒါကနေ လွှတ်တင်

အစ္စရေးရဲ့ ပထမဆုံး လကမ္ဘာအာကာသယာဉ်ကို ဖလော်ရီဒါကနေ လွှတ်တင်

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၂၂ ။            ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကိတ်ကာနာဗာရယ်အာကာသစခန်းကနေ အစ္စရေးရဲ့ Beresheet အာကာသယာဉ်ကို ဒုံးပျံတစ်စင်းပေါ် တင်ဆောင်ပြီး ကြာသပတေးနေ့ ညပိုင်းက ပစ်လွှတ်လိုက်တာဟာဆိုရင် သမိုင်းနှစ်ရပ် ရေးထိုးနိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

လပေါ်ကို ပုဂ္ဂလိကကဏ္ဍအားဖြင့် အာကာသယာဉ် ဆင်းသက်ခြင်းနဲ့ အစ္စရေးရဲ့ ပထမဆုံး လကမ္ဘာမစ်ရှင်ကို ဖော်ဆောင်ခြင်းဆိုတဲ့ သမိုင်းမှတ်တမ်းနှစ်ရပ်ကို ရေးထိုးနိုင်ဖို့အတွက်ပါပဲ။

ဟီဘရူးလို့ ဇစ်မြစ်လို့ အဓိပ္ပာယ်ရတဲ့ ပေါင် ၁၂၉၀ အလေးချိန် Beresheet အာကာသယာဉ်ကို Falcom 9 ဒုံးပျံနဲ့ ဒေသစံတော်ချိန် ၈ နာရီ ၄၅ မိနစ်မှာ လကမ္ဘာဆီ လွှတ်တင်လိုက်တာပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီး အီလွန်မတ်ရဲ့ ပုဂ္ဂလိကပိုင်ဖြစ်တဲ့ အမေရိကန်အခြေစိုက် Space X ကုမ္ပဏီရဲ့ ဒုံးပျံယာဉ်နဲ့ အစ္စရေးအာကာသယာဉ်ကို လွှတ်တင်လိုက်ခြင်းပါပဲ။

ဒီလွှတ်တင်မှုကို အစ္စရေးမှာ live ထုတ်လွှင့်ပြီး အစ္စရေးအာကာသစက်မှုလုပ်ငန်း IAI ရဲ့ ထိန်းချုပ်စခန်းက အင်ဂျင်နီယာတွေနဲ့အတူ ဝန်ကြီးချုပ် နေတန်ယာဟုလည်း ကြည့်ရှုနေခဲ့ပါတယ်။

အစ္စရေးအာကာသယာဉ်ကို ကမ္ဘာ့ဂြိုဟ်ပတ်လမ်းမှာ ထားခဲ့ပြီး အဲဒီကမှ အာကာသယာဉ်ရဲ့ ကိုယ်ပိုင်အင်ဂျင်ကို အသုံးပြုလို့ သီတင်းခုနစ်ပတ်တာ ခရီးစဉ်နဲ့ လဆီ ပျံသန်းမှာ ဖြစ်ကာ ဧပြီ ၁၁ ရက်မှာ လမျက်နှာပြင်ပေါ် ဆင်းသက်မှာ ဖြစ်ပါတယ်။

လွှတ်တင်လိုက်တဲ့ Falcon 9 ဒုံးပျံမှာ အင်ဒိုနီးရှား ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးရယ်၊ အမေရိကန်လေတပ်သုတေသနဓာတ်ခွဲခန်းဂြိုဟ်တုတစ်ရယ်ကိုပါ တင်ဆောင်ပြီး လွှတ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly