အာရှသို့ သံတမန်ခရီးစဉ် ထွက်လာတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား တရုတ်သို့ ရောက်ရှိကာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ

အာရှသို့ သံတမန်ခရီးစဉ် ထွက်လာတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား တရုတ်သို့ ရောက်ရှိကာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ။             ။ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆာလမန်ဟာ သောကြာနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ ရေနံအရောင်းအဝယ်ကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

သတင်းထောက် ခါရှိုဂျီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးက စိတ်ဆိုးဒေါသထွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ ဆော်ဒီမင်းသားအနေနဲ့ အာရှမှာ သံခင်းတမန်ခင်း တည်ဆောက်ရေး ဖိဖိစီးစီး လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

အိမ်ရှေ့မင်းသား ဆာလမန်ဟာ ပါကစ္စတန်နဲ့ အိန္ဒိယခရီးစဉ်တွေအပြီး ကြာသပတေးနေ့မှာ ပေကျင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဆော်ဒီသတင်းထောက် ခါရှိုဂျီ ရက်ရက်စက်စက် အသတ်ခံရမှု ဖြစ်ပွားထားပေမယ့် ဆော်ဒီနိုင်ငံအနေနဲ့ မဟာမိတ်မပျက် ရှိနေဆဲ ဖြစ်ကြောင်းကို ပြသလာတာလည်း ဖြစ်ပါတယ်။

“အိမ်ရှေ့မင်းသားရဲ့ ဒီခရီးစဉ်တွေဟာ ဆော်ဒီအာရေဗျအနေနဲ့ အရှေ့ကို ဗဟိုပြုလာသလားဆိုတာ မေးစရာပါ။ ဒီမေးခွန်းအတွက် ဟုတ်ပါတယ်လို့ပဲ ဖြေရမှာပါ။”လို့ ဆော်ဒီအာရေဗျကို ထောက်ခံတဲ့ ပညာရှင်အဖွဲ့ အာရေဗျဖောင်ဒေးရှင်းက ပြောပါတယ်။

“ဆော်ဒီအာရေဗျအနေနဲ့ သတင်းထောက် သတ်ဖြတ်မှု ဖြစ်ပွားအပြီး အဓိကအားဖြင့် အမေရိကန်နဲ့ ဆက်ဆံရေးဆိုးဝါးတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။ အီးယူကလည်း ငွေကြေးခဝါချမှုတွေနဲ့ ဆော်ဒီအာရေဗျကို နာမည်ပျက်စာရင်းသွင်းဖို့ ကြိုးစားမှုတွေ ရှိနေတယ်။ ဒီအတွက် ဆော်ဒီနိုင်ငံဟာ အာရှမှာ မဟာမိတ် ခိုင်ခိုင်မာမာ ရဖို့ လိုလားနေတော့တာပါပဲ။”လို့ အဲဒီ ဖောင်ဒေးရှင်းက အမျိုးသမီး အကြီးတန်းသုတေသီ နာဂျက်အိုတေးဘီက ပြောခဲ့ပါတယ်။

ဝါရှင်တန်ပို့စ် ကော်လံစားသတင်းထောက်ဖြစ်တဲ့ ခါရှိုဂျီဟာ တူရကီက ဆော်ဒီသံရုံးအတွင်းမှာ အသတ်ခံရတာဖြစ်ပြီး ဒီသတ်ဖြတ်မှုမှာ အိမ်ရှေ့မင်းသား ဆာလမန် ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly