အရက်ကြောင်ကြောင်နေသော ဖခင်က လေးနှစ်အရွယ် အမွှာသားငယ်နှစ်ဦးကို သတ်မှုဖြစ်ပွား

အရက်ကြောင်ကြောင်နေသော ဖခင်က လေးနှစ်အရွယ် အမွှာသားငယ်နှစ်ဦးကို သတ်မှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၂ ။      ။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောရွာတွင် အရက်ကြောင် ကြောင်နေသော ဖခင်ဖြစ်သူက လေးနှစ်အရွယ် အမွှာသားငယ်နှစ်ဦးကို လည်ပင်းညှစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း အမရပူရမြို့မရဲစခန်းမှ သိရသည်။

“အရင်က အရက်သောက်တာပေါ့။ အခု ဖြတ်လိုက်တာ ၃ ရက်လောက်ရှိပြီပြောတယ်။ အဲ့ဒီမှာ ကြောင်ပြီးတော့ ကလေးတွေကို သတ်လိုက်တာပါ။ ကျန်တဲ့အပိုင်းကတော့ အမှုဖြစ်စဉ်မှာ ပါတဲ့အတိုင်းပါပဲ ”ဟု အမရပူရ မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက မဇ္စျိမသို့ ပြောသည်။

လူသတ်မှုမှာ ဖေဖော်ဝါရီလ ၂၂ ရက်(ယနေ့)၊ နံနက် ၁ နာရီခန့်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူသတ်မှု ကျူးလွန်ခဲ့သူမှာ ထန်းတောရွာတွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် သိန်းဦး(ခ) သိန်းဝင်း ဆိုသူ ဖြစ်ကြောင်း သိရသည်။

" သူ့အဖေက အရက်ကြောင်ကြောင်တာလို့ ပြောတာပဲ။ အရက်ကို နဂိုကတည်းက သောက်ပြီးတော့ ဖြတ် လိုက်တာ။ နောက် အရက်ကြောင်ကြောင်ပြီးတော့ ကလေးနှစ်ယောက်ကို လည်ပင်းညှစ်သတ်တယ်ပြောတယ်။ သူ့ကလေး နှစ်ယောက်တဲ့။ အမွှာ လေးနှစ်အရွယ်လေးတဲ့။ နောက်ဆက်တွဲအခြေအနေတော့ ကျွန်တော် မသိသေးဘူး။ မူးကြောင်ကြောင်နဲ့ အရက်ကြောင်ကြောင်ပြီးတော့ ဖြစ်တယ်လို့တော့ ကြားတယ်"ဟု အမရပူရ မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက မဇ္စျိမသို့ ပြောသည်။

ယင်းအမှုဖြစ်စဉ်မှ သိန်းဦး(ခ) သိန်းဝင်းက ၎င်း၏နေအိမ်အတွင်း အရက်ကြောင်ကြောင်ပြီး အော်ဟစ်နေ သဖြင့် ဇနီးဖြစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ မခိုင်လဲ့ဖြိုးက တားမြစ်ခဲ့ကြောင်း၊ ထိုသို့ တားမြစ်သဖြင့် လင်မယားနှစ်ဦး စကားများခဲ့ကြပြီး ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ သိန်းဦးမှ ရန်ပြုမည်စိုးသဖြင့် အသက် ၆ နှစ်အရွယ် သမီးကို ခေါ်ကာနေအိမ်မှ ထွက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

နေအိမ်အတွင်း အသက် ၄ နှစ်အရွယ် အမွှာ ညီအကိုနှစ်ဦးကျန်နေခဲ့ပြီး အဆိုပါ ကလေးနှစ်ဦးကို သိန်းဦးက ပွေ့ချီခေါ်ဆောင်သွားကာ ရတနာပုံတက္ကသိုလ်တောင်ဘက်လမ်း မြေကွက်လပ်တွင် လည်ပင်းညစ် သတ် ခဲ့ခြင်းဖြစ်ကြောင်း အမရပူရမြို့မရဲစခန်းမှ သိရသည်။

လက်ရှိတွင် သိန်းဦး(ခ)သိန်းဝင်းဆိုသူကို အမရပူရမြို့မရဲစခန်းတွင် (ပ)၈၉/ ၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly