၁၅ မိနစ်ခန့်စာ ဇာတ်ဝင်ခန်းအတွက် ဒေါ်လာ ၁၀ သန်း အသုံးပြုရိုက်ကူးသွားမဲ့ Line Walker 2

၁၅ မိနစ်ခန့်စာ ဇာတ်ဝင်ခန်းအတွက် ဒေါ်လာ ၁၀ သန်း အသုံးပြုရိုက်ကူးသွားမဲ့ Line Walker 2

ဖေဖော်ဝါရီ ၂၂၊ ရန်ကုန် ။           ။ ဟောင်ကောင်အက်ရှင်ဇာတ်ကား Line Walker 2 ဇာတ်ကားရဲ့ ၁၅ မိနစ်ခန့်စာ ပါဝင်မဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးရေးအတွက် စုစုပေါင်း အသုံးစရိတ် ဒေါ်လာ ၁၀ သန်းခန့် အသုံးပြုရိုက်ကူးသွားမယ်လို့ Line Walker 2 ရုပ်ရှင်ရဲ့ Production Advisor အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။

“လူကလည်း ၁၄၁ ယောက်လေ။ ဟိုတယ် နေရတယ်။ စားရတယ်။ သူတို့ သွားဖို့၊ လာဖို့အတွက် မော်တော် ကားတွေ ငှားရတယ်။ စက်ပစ္စည်းတွေ ငှားရတယ်။ နောက်ပြီး ဝင်လာတဲ့အချိန်အတွင်းမှာ ဗီဇာကြေးတွေ ပေးရတယ်။ နောက် သူတို့ သွင်းလာခဲ့တဲ့ ပစ္စည်းတွေအတွက်ကိုလည်းပဲ ပေးရတာတွေ ရှိတယ်။ ပြီးတော့ Stay Myanmar နဲ့ Leave Myanmar ဆိုပြီး ပြန်ထွက်သွားတဲ့ပစ္စည်းနဲ့ ကျန်ခဲ့မယ့် ပစ္စည်းပေါ့။ ကျန်ခဲ့မဲ့ပစ္စည်းအတွက် Tax ပေးရတယ်။ အမြတ်ခွန်ဌာနမှာ ဆောင်ရပါတယ်’’ လို့ အကယ်ဒမီဆွေဇင်ထိုက်က ပြောပါတယ်။

ဒီ အမေရိကန်ဒေါ်လာ ၁၀ သန်းမှာ မရိုက်ကူးခင်က အကြိုလာရောက်လေ့လာမှုများ ၊ ရိုက်ကွင်းကြေး၊ ရိုက်ကွင်းအဖွဲ့သား လူ ၁၀၀ ကျော်၊ မြန်မာနိုင်ငံတွင် ရိုက်ကူးသည့် ရုပ်ရှင်ကား ရိုက်ကူးကြေးများလည်း ပါဝင်ပါတယ်။

“အချိန်ယူတာပေါ့။ သူတို့ ဒီမှာ မြန်မာပြည်မှာ ရုံးလာဖွင့်တာတောင် ၂ နှစ်။ ဒီကားမရိုက်ခင် ၂ နှစ် ရုံးလာဖွင့် တာ Shaw Brothers က။ ဒီမှာ ကားထဲမှာ အလွန်ဆုံးပါလို့ရှိရင် ၁ဝ ရာခိုင်နှုန်းလောက်ပဲ ပါမှာ။ ကျွန်မ ထင်တယ် ၊ ၁၅ မိနစ်လောက်ပဲ ရှိမယ်။ ဇာတ်က စပိန်မှာ သွားသိမ်းမှာ” လို့ အကယ်ဒမီဆွေဇင်ထိုက်က ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့က Shaw Brothers ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်သွားမည့့်် ဟောင်ကောင်အက်ရှင်ဇာတ်ကား Line Walker 2 ရိုက်ကူးရေးဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ရဲ့ အထင်ကရနေရာအချို့မှာရိုက်ကူးရေးပြင်ဆင်မှုတွေ စတင်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်မှာတော့ မြို့လယ်ခေါင်မှာ အက်ရှင်ခန်းတွေ ရိုက်ကူးခဲ့တာပါ။

“နိုင်ငံရဲ့ Image တွေ၊ Location တွေက နိုင်ငံတစ်ကာမှာ သွားတဲ့ ရုပ်ရှင်ထဲမှာ ပါသွားမှာပေါ့နော်။ ကိုယ့် Location တွေ ပါသွားမယ်။ ပြီးတော့ ဒီလိုမျိုးတွေ ရိုက်တဲ့ အခါမှာ အခြေခံအဆောက်အအုံအနေနဲ့ User Friendly Process တွေရှိတယ်။ လူတွေဝင်လာဖို့ ဘယ်လိုလုပ်တယ်။ ပစ္စည်းတွေ ဝင်လာဖို့ ဘယ်လို လုပ်တယ်ဆိုတာတွေ၊ ရိုက်ကွင်းမှာ၊ ရိုက်ကွက်တွေမှာ ရိုက်ကူးခွင့်ရဖို့ ဘယ်လိုလုပ်တယ်ဆိုတာတွေ။ အဲ့လို Process တွေက သိပ်မရှုပ်ထွေးဘူး၊ လုပ်သာကိုင်သာရှိတယ်ဆို မြန်မာပြည်မှာ လာရိုက်ဖို့အတွက်လည်းပဲ စိတ်ဝင်စားလာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ မြန်မာပြည်ဟာ လုပ်အားခ အနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်’’ လို့ အကယ်ဒမီဆွေဇင်ထိုက်က ပြောပါတယ်။

မြန်မာပြည်ရာက်နေသော ဟောင်ကောင်ကတရားခံကို မြန်မာဘက်က အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့် ပူးပေါင်းဖမ်းဆီးသော ဇာတ်ဝင်ခန်းများကို လာရောက်ရိုက်ကူးနေခြင်းဖြစ်ပြီး Line Walker 2 ရုပ်ရှင်တွင် မြန်မာရုပ်ရှင်သရုပ်ဆောင်များအနေနှင့် အောင်မြင့်မြတ်၊ မင်းရာဇာနှင့် အခြားသရုပ်ဆောင်အချို့လည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါတယ်။

(နဂိုမူလက ဒေါ်လာတစ်ဘီလျံလို့ ဖြေဆိုထားခြင်းဖြစ်သော်လည်း ဖေဖော်ဝါရီလ ၂၂ ရက် ည ၇ နာရီခွဲ မဇ္ဈမရဲ့ ဆက်သွယ်မေးမြန်းချက်အရ ဒေါ်ဆွေဇင်ထိုက်ရဲ့ သားဖြစ်သူ ကိုအောင်သူရကျော်က အခုလို ဖြေဆိုထားပါ တယ်။)

“ ဟုတ်ကဲ့။ မြန်မာပြည်မှာ သုံးတာက ၁ဝသန်းဝန်းကျင်ပါ။ USD ပါ။ ဟုတ် ကျွန်တော်က ဒီ Project အတွက် Production Coordinator ပါ။ ကျွန်တော်က သူ့ရဲ့ မန်နေဂျာပါ။ သူရဲ့သားဆိုလည်း မမှားပါ ကျွန်တော် သူနဲ့ တစ်အိမ်ထဲပဲ နေတာ။ ဒါပေမယ့် သေချာတာတော့ ဝမ်းဘီလီယံဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး သူမှားပြောတာ ဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ သုံးထားတာ ဆယ်သန်းဝန်းကျင် ဖြစ်တယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly