ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားကွက်များကိုနိုင်ငံတကာကစားသမားများထံမှ အမြင်နှင့် သင်ယူနေသည့် ဖိုးသော်

ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားကွက်များကိုနိုင်ငံတကာကစားသမားများထံမှ အမြင်နှင့် သင်ယူနေသည့် ဖိုးသော်

 

မြန်မာ့ဂုဏ်ဆောင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဖိုးသော်သည်အချိန်တိုအတွင်းအောင် မြင်မှု များစွာရယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ မျိုးဆက်သစ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများ၏ လေးစားအားကျမှုကို ခံရသူတစ်ဦးဖြစ်သည်။

ထိုကဲ့သို့ လေးစားအားကျရအောင်လည်း ဖိုးသော်သည် ၎င်း၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲ ၇ ပွဲတွင် ၆ပွဲနိုင်၊ ၁ပွဲ ရှုံးဆိုသော မှတ်တမ်းကောင်းကို စွမ်းဆောင်ပြထားသည်။

One Championship မတိုင်ခင် မထင်မရှားအားကစားသမားဘဝမှ နှစ်အနည်းငယ်အတွင်းအောင်မြင်မှုများစွာရယူနိုင်သည့် ဖိုးသော်၏ အောင်မြင်မှုသော့ချက်မှာ အမြဲမပြတ် ကိုယ့်အားကိုယ်ကိုး၍ လေ့လာနေခြင်း (Self-learning) ပင်ဖြစ်သည်။

''ကျွန်တော်က အမြဲကိုယ့်ကိုကိုယ်လေ့လာသုံးသပ်တယ်။အမြဲမပြတ် ပတ်ဝန်းကျင်မှ တဆင့် အမြင်၊အကြား နဲ့အကုန်သင်ယူ ဖြစ်တယ်''ဟု ဖိုးသော်က ဆိုသည်။

ကိုယ်တိုင်လေ့လာသင်ယူခြင်းသည် အလွန်အရေးပါသော အချက်ဖြစ်ကြောင်း၎င်းက ဆိုသည်။

''ကျွန်တေ်ာ့ မျက်စိရှေ့မှာမြင်နေရတဲ့ ကြိုးစားနေသူတွေကို အမြဲအတုယူတယ် ။ နိုင်ငံခြားသင်တန်းမှာ စခန်းသွင်းလေ့ကျင့်နေရင်ပဲဖြစ်ဖြစ်၊ အွန်လိုင်း ကပဲ ဖြစ်ဖြစ် မြင်မြင်သမျှ ကို လေ့လာသင်ယူတယ်။ပြီးရင် စိတ်ခွန်အားယူတယ်''ဟု ဖိုးသော်က ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားရုံ များနည်းပါးသည့်အတွက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတစ်ယောက်အတွက် သင်ယူရန် အလွန်ပင် ခက်ခဲလွန်းသည်။

ထိုအခက်အခဲများကို ကျော်ဖြတ်ရန် ဖိုးသော်သည် အကောင်းဆုံးနည် လမ်းကို ရှာတွေ့ထားသည်။

''ကျွန်တော်တို့ဆီမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံနဲ့ ပတ်သက်ပြီးလက်တစ်ကမ်းမှာလေ့လာ လို့ရတာသိပ်မရှိဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီးသိချင်ရင် နိုင်ငံခြားသွားလေ့ကျင့်ရတယ်။ နိုင်ငံခြား နည်းပြတွေနဲ့ လေ့ကျင့်ကစားရတယ်။ အင်တာနက်ကနေလေ့လာမှုတွေလုပ်ရတယ်။ ဒီလိုပဲ ကိုယ်တိုင်လေ့လာရင်း ကစားခဲ့ရတယ်''ဟု ၎င်းက ဆိုသည်။

ဖိုးသော်သည် နိုင်ငံတကာမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ  ကစားသမားများ၏ပြိုင်ပွဲဗီဒီယိုများကို ကြည့်ရှုရင်း သင်ကြားခဲ့ရကြောင်း ၎င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားဘဝအစကို ပြန်ပြောပြခဲ့သည်။

''ကျွန်တော်က ကစားသမားအားလုံးမှာ ကောင်းတဲ့အချက်တွေ့ရင် အားကျတယ်။သင်ယူတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေ ၊ကျွမ်းကျင်မှုတွေ၊ ကြိုးစားတာတွေကိုကြည့်ပြီး ကိုယ့်ကိုကိုယ် လေ့ကျင့် ယူတယ်။ ကစားတာတစ်ကွက်ကောင်းရင် အဲ့ဒီတစ်ကွက်ကို အားကျပြီး လိုက်လေ့ကျင့်ဖြစ်တယ်'' ဟု ဖိုးသော်က ဆိုသည်။

ဖိုးသော်သည် အဆိုပါနည်းအတိုင်း လေ့လာသင်ယူရင်း မြန်မာနိုင်ငံတွင်Team PT ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရုံ ကိုဖွင့်လှစ်နိုင်သည်အထိ အောင်မြင်ခဲ့သည်။ Team PT ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရုံတွင် ၎င်းတတ်မြောက်ထားသော ကိုယ်ခံပညာ သိုင်းပေါင်းစုံ တိုက်ကွက်များကို မျိုးဆက်သစ်ကစားသမားများကို ဝေမျှသင်ကြားပေးလျက်ရှိသည်။

''ကျွန်တော် ကိုယ်ခံပညာ သိုင်းပေါင်းစုံ စကစားတုန်းက အခက်အခဲတွေအများကြီးရှိခဲ့တယ်။အားကစားရုံမရှိခဲ့ဘူး။ ကိုယ်တိုင်လေ့လာမှ ရမယ်ဆိုပြီး အမြဲမပြတ်လေ့ လာခဲ့တယ်။အခုလည်း လေ့လာသင်ယူနေတုန်းပါပဲ။လူဆိုတာ ပြည့်စုံတယ်ဆိုတာမျိုးမရှိနိုင်ဘူး။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် ဘယ်တော့မှ မကျေနပ်ဘူး။ ဒီထက်ပိုကောင်းအောင်ပဲ အမြဲကြိုးစား နေတယ်။''ဟု ဖိုးသော်က ပြောသည်။

ဖိုးသော်သည် လက်ရှိတွင် ထိုင်းနိုင်ငံ၏ နာမည်ကြီး အားကစားရုံတစ်ခုဖြစ်သော Tiger Muay Thai အားကစားရုံ တွင် စခန်းသွင်းလေ့ကျင့်နေပြီး အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေသည်။

ဖိုးသော်လည်း လာမည့် မတ်လ ၈ရက် တွင် ရန်ကုန်မြို့၌ ကျင်းပမည်ONE:REIGN OF VALOR ပြိုင်ပွဲကြီးတွင် အင်ဒိုနီးရှားအားကစာသမား Yohan Mulia Legowo နှင့်ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly