ONE Championship တွင် ပြည်ပပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ရဲသွေးနီ ဆန္ဒရှိ

ONE Championship တွင် ပြည်ပပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ရဲသွေးနီ ဆန္ဒရှိ

တောင်ကလေး မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်တွင် လေ့ကျင့်နေသော ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သူ ရဲသွေးနီက ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်လိုကြောင်း ပြောကြားခဲ့ပြီး ပြည်ပပြိုင်ဘက်များနှင့် ရင်ဆိုင်ထိုးသတ်ချင်ကြောင်း ပြောကြားခဲ့သည်။

ရဲသွေးနီသည် မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မှစတင်ကာ ONE Championship က ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ထိုးသတ်ထားသူဖြစ်သည်။ ရဲသွေးနီသည် ONE Championship အဖွဲ့အစည်း၏ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ပြိုင်ပွဲများတွင် စုစုပေါင်း ၅ ပွဲတိတိ ပါဝင်ထိုးသတ်ထားသူဖြစ်သည်။

“ဖြစ်နိုင်ရင်တော့ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲများကို အခါအခွင့်သင့်တိိုင်း ယှဉ်ပြိုင်ချင်ပါတယ်။ ပွဲတိုင်းအနိုင်ရအောင်လည်း ကြိုးစားမယ်။ လာမယ့်ပွဲတွေမှာ ပြည်ပပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်ချင်ပါတယ်''ဟု ရဲသွေးနီက ၄င်း၏ စိတ်ခံစားချက်ကို ဖွင့်ဟပြောကြားခဲ့သည်။

ရဲသွေးနီသည် ONE Championship က ယူဆောင်လာခဲ့သော ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် (၅)ပွဲတိတိ ထိုးသတ်ထားသူဖြစ်ပြီး နောက်ဆုံး (၄)ပွဲဆက်အနိုင်ရထားသော အားကစားသမားတစ်ဦးလည်းဖြစ်သည်။ ရဲသွေးနီသည် ONE Championship ပြိုင်ပွဲ သက်တမ်းတစ်လျှောက်တွင် ဒေသတွင်းပြိုင်ဘက် မိုက်ရိုင်း၊ စောမင်းမင်း (၂)ကြိမ်၊ ပတ်ကျော်လင်းနိုင်တို့ကို အနိုင်ရထားသူဖြစ်သည်။

သို့သော်လည်း ရဲသွေးနီသည် ၄င်း၏ ပွဲဦးထွက်ပြိုင်ပွဲတွင်မူ ထိုင်းနိုင်ငံသား Pongsiri Mitsatit ကို ရှုံးနိမ့်ခဲ့ရသည်။

“ပထမဆုံးပွဲကို ဘန်ကောက်မှာ သွားရောက်ယှဉ််ပြိုင်တုန်းက ပြိုင်ပွဲမဝင်ခင် တစ်လလောက်မှ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲလို့ သိရတာ။ ကိုယ့်စိတ်ထဲမှာတော့ ဒီတစ်ပွဲပဲလေ နောက်လည်း ပြိုင်ဖြစ်မှာမဟုတ်ဘူးလို့ ထင်မိခဲ့တာ။ အဲ့ဒီပွဲစဉ်ကတော့ အတွေ့အကြုံလည်းမရှိတော့ ရှုံးသွားခဲ့တယ်။ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲက ကျွန်တော်တို့လို လက်ဝှေ့သမားတွေအတွက် ချက်ချင်းတော့ အသားမကျခဲ့ဘူး။ ရုန်းကန်ရတာတော့ရှိတယ်'' ဟု ရဲသွေးနီက ၄င်း၏ ပထမဦးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲအတွေ့အကြုံ အကြောင်း ကိုပြောပြသည်။

ရဲသွေးနီသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ (၃) ပွဲခန့် ထိုးသတ်ပြီးချိန်တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ပါလာခဲ့ပြီး လေ့ကျင့်မှုများကို ပြုလုပ်နေပြီဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ထို့အပြင် ပြည်တွင်း၌ ယှဉ်ပြိုင်ကစားနေရသော ဗလာလက်သီးအသုံးပြုကာ တိုက်ခိုက်ရသည့် လက်ဝှေ့ပွဲများနှင့်နှိုင်းယှဉ်လျှင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများမှာ ထိခိုက်ဒဏ်ရာ ရနိုင်ချေနည်းကြောင်း ရဲသွေးနီက သုံးသပ်ခဲ့ပြီး အကျိုးခံစားခွင့်လည်း ပိုမိုများပြားကြောင်း ပြောကြားခဲ့သည်။

''သိုင်းပေါင်းစုံကျတော့ ကျွန်တော်က မရဘူးလေ။ ဒါပေမယ့် ဒီပြိုင်ပွဲတွေအားလုံးက စိတ်ဝင်စားဖို့ကောင်းတယ်။ ပြိုင်ဘက်က ဘာနဲ့ ကိုယ့်ကိုတိုက်ခိုက်လာမလဲဆိုတာ ကျွန်တော် မသိဘူး။ အထူးသဖြင့် လာမည့်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရမယ်ဆို ပြည်ပပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ချင်တယ်။ သူတို့က အချုပ်အဖမ်း အရမ်းသန်တယ်။ ကျွန်တော်က လက်သီးနဲ့ထိုးတဲ့သူဆိုတော့ သူတို့မချုပ်နိုင်ခင် လက်သီးနဲ့ထိအောင်တိုက်ခိုက်မှာပါ'' ဟု ရဲသွေးနီကဆိုသည်။

ရဲသွေးနီသည် လက်ရှိမြန်မာ့ရိုးရာလက်ဝှေ့ (၅၂) ကီလိုတန်း စတောဝိတ်တန်းတွင် အကောင်းဆုံးနှင့်

တိုးတက်မှုအရှိဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၄င်း၏ လက်မြန်တိကျသော လက်သီးချက်များကြောင်း ထင်ရှားလာသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly