မြန်မာလက်ရွေးစင်ယူ ၂၂ အသင်း ကို အာရှခြေစစ်ပွဲအောင်မြင်ရေး ပိုမိုပြင်ဆင်ရန် လိုအပ်ဟုပြော

မြန်မာလက်ရွေးစင်ယူ ၂၂ အသင်း ကို အာရှခြေစစ်ပွဲအောင်မြင်ရေး ပိုမိုပြင်ဆင်ရန် လိုအပ်ဟုပြော
 ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပသည့် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ ကမ္ဘောဒီးယားနှင့်ပွဲစဉ်မှ ပုံရိပ်များ။ ဓာတ်ပုံ - MFF

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၂ ။      ။ မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းသည် လက်ရှိခြေစွမ်းအနေအထားဖြင့် အာရှခြေစစ်ပွဲအောင်မြင်ရေး ပိုမိုပြင်ဆင်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပနေသည့်  AFF U-22 Championship 2019 ပြိုင်ပွဲအုပ်စု (ခ)တွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အိမ်ရှင်ကမ္ဘောဒီယားကို ရှုံးနိမ့်ပြီး ၂ ရက်အကြာ၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင်  ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ကစားပုံ တစ်ခုနဲ့တစ်ခု ပြောင်းလိုက်တဲ့နေရာမှာ အချိန် လိုအပ်ပါတယ်။ အထူးသဖြင့် မြန်မာကစားသမား တွေ ဆို ပိုပြီးတော့ လိုပါတယ်။ ဒီ နည်းပြချုပ် ပိုပေါ့ဗ်အတွက်ကတော့ သူ လေ့ကျင့်ဖို့ အချိန် ၁၀ ရက် ရခဲ့တယ်။ သူ လိုချင်တဲ့ပုံစံကို ကစားတယ်။ ဧရာဝတီယူနိုက်တက်နဲ့ ခြေစမ်းပြီး ပြိုင်ပွဲ ဝင်တယ်။ ပြိုင်ပွဲ မသွားခင်ကလည်း ကျွန်တော်တို့ရဲ့မျှော်လင့်ချက်က အာရှဘောလုံးပြိုင်ပွဲ၊ အာရှခြေစစ်ပွဲ ကို ပြင်ဆင်တဲ့အနေနဲ့ သွားတာ ဖြစ်ပါတယ်။ ကမ္ဘောဒီယားကို ရှုံးတာ မှန်ပါတယ်။ ရှုံးခဲ့တဲ့အတွက် အမြတ်ရခဲ့တယ်လို့ ကျွန်တော် ပြောချင်တယ်။ ဘာလို့ မြတ်လဲဆိုတော့ အာရှခြေစစ်ပွဲမှာ ဒီလောက်နဲ့ မလုံလောက်သေးဘူးလို့ သိရတယ်။ ဒီထက်ပို ပိုပြီးတော့ ပြင်ဆင်ရဦးမယ်။ နည်းပြဆရာ၊ ကစားသမား၊ နည်းစနစ်ဒါရိုက်တာကလည်း အကုန်လုံး သိသွားတယ်။ ကျွန်တော်တို့ရဲ့အဓိက ရည်မှန်းချက်ဖြစ်တဲ့ အာရှခြေစစ်ပွဲ အောင်ဖို့ ဖြစ်ပါတယ်” ဟု လိုအပ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ညနေ ၆ နာရီတွင် ပြိုင်ဘက်ကောင်း မလေးရှား ယူ ၂၂ အသင်းနှင့် မြန်မာ ယူ ၂၂ အသင်း ယှဉ်ပြိုင်ရမည် ဖြစ်ကာ ဖနွမ်းပင်မြို့ ရှိ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းပိုင် RSN ကွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

မြန်မာ ယူ ၂၂ အနေဖြင့် ယနေ့ပွဲ အနိုင်ရရှိရန်သာမက နေရှင်နယ် အိုလံပစ်ကွင်းတွင် ယှဉ်ပြိုင်မည့် ကမ္ဘောဒီယားအသင်းနှင့်အင်ဒိုနီးရှားပွဲစဉ်တွင် အိမ်ရှင်ကမ္ဘောဒီယား အနိုင်ရရှိပါမှ ဆီမီးဖိုင်နယ် တက်ရောက်ရန် မျှော်လင့်နိုင်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly