ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များစတင်ရန် ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ဆင့်ခေါ်

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များစတင်ရန် ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ဆင့်ခေါ်
ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ။          ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံရန်လုပ်ငန်းစဉ်များ စတင်နိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjurul Karim Khan Chowdhury ကို ဆင့်ခေါ်ခဲ့သည်ဟု ဖေဖော်ဝါရီ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် နှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတို့အကြား ဖေဖော်ဝါရီ ၂၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ်  နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ကို လျင်လျင်မြန်မြန် စတင်နိုင်ရန်အတွက် ၂ နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ လေးကြိမ်မြောက်အစည်းအဝေးကို လာမည့် ဧပြီလအတွင်း၌ နေပြည်တော်၌ကျင်းပရန် မြန်မာနိုင်ငံဘက်မှ အဆိုပြုခဲ့သည်ဟု သိရသည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖမ်းဆီးထားသည့် မြန်မာနယ်ခြားစောင့်ရဲတပ်သား အောင်ဘိုဘိုသိန်း ကို မြန်မာနိုင်ငံဘက်သို့ အမြန်ဆုံးလွှဲပြောင်းပေးရန် ပြောဆိုခဲ့ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အတွင်းက ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ရောက်ရှိခဲ့စဉ်က မြန်မာနိုင်ငံ ဘက်မှ ၈ ရက်အတွင်း ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးထားသည့် မြန်မာရဲတပ်သားကိုမူ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်များဘက်မှ ဥပဒေအရ အရေးယူမှုများကို လုပ်ဆောင်မည် မဟုတ်ဘဲ ပြည်တွင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက မြန်မာနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းပေးမည်ဟု ဘင်္ဂလားဒေ့ရှ် သံအမတ်ဘက်က ပြန်လည်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မောင်တောမြို့နယ်အတွင်း၌ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်ဘက်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လူအမြောက်အများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်သွားသူများအား ပြန်လာနိုင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် နေသော်လည်း ဒုက္ခသည်များမှာမူ လက်ရှိအချိန်အထိ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly