လူအစုအပြုံလိုက် သတ်ဖြတ်ရန် ကြံစည်နေတဲ့ လူဖြူကြီးစိုးရေးဝါဒီ အမေရိကန် ကမ်းခြေစောင့်တပ်အရာရှိကို ဖမ်းဆီး

လူအစုအပြုံလိုက် သတ်ဖြတ်ရန် ကြံစည်နေတဲ့ လူဖြူကြီးစိုးရေးဝါဒီ အမေရိကန် ကမ်းခြေစောင့်တပ်အရာရှိကို ဖမ်းဆီး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀ ။           ။ လူအစုအပြုံလိုက် သတ်ဖြတ်ဖို့ ကြံစည်နေတဲ့ လူဖြူကြီးစိုးရေးဝါဒကို ထောက်ခံအားပေးသူ အမေရိကန် ကမ်းခြေစောင့်တပ်က အရာရှိတစ်ဦးကို လက်နက်နဲ့ မူးယစ်ဆေးဝါး စွဲဆိုချက်တွေနဲ့ ဖမ်းဆီးထားကြောင်း သိရပါတယ်။

နော်ဝေက လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်သတ်ဖြတ်သူ အန်ဒါဘရီဗစ်ကို အားကျနေတဲ့ အသက် ၄၉ နှစ်ရှိ ခရစ္စတိုဖာပေါလ်ဟတ်ဆန်ဆိုတဲ့ ကမ်းခြေစောင့်တပ် အရာရှိဟာ ဒီမိုကရက်နိုင်ငံရေးသမားတွေနဲ့ အရေးပါတဲ့ မီဒီယာထိပ်သီးပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား သတ်ဖြတ်ဖို့ စာရင်းပြုစုထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပေါလ်ဟတ်ဆန်ကို ဝါရှင်တန်ဆင်ခြေဖုံးအရပ်က သူ့နေအိမ်မှာ လက်နက်တွေ အများအပြားနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တရားရုံးမှတ်တမ်းအရ သိရပါတယ်။

“တရားခံဟာ နိုင်ငံတွင်းမှာ မကြုံဖူးလောက်အောင် အပြစ်မဲ့အရပ်သားတွေကို တော်တော်များများ သတ်ဖြတ်ဖို့ ကြံစည်နေသူ ဖြစ်ပါတယ်။”လို့ ခရိုင်ရှေ့နေတစ်ဦးဖြစ်တဲ့ ရောဘတ်ဟားက ပေါလ်ဟတ်ဆန်ကို စီရင်ချက် ချတဲ့အချိန်အထိ ဖမ်းချုပ်ထားဖို့ လျှောက်လဲချက် ပေးရာမှာ ပြောကြားခဲ့ပါတယ်။

“ဒီတရားခံဟာ ပြည်တွင်းအကြမ်းဖက်တစ်ဦးပါပဲ။ လူ့အသက်တွေအတွက် အန္တရာယ်ပေးမယ့် လုပ်ရပ်တွေ ကျူးလွန်ပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်လာအောင် ရည်ရွယ်ထားတဲ့သူပဲ ဖြစ်ပါတယ်။”လို့ ရောဘတ်ဟားက ပြောပါတယ်။

ပေါလ်ဟတ်ဆန်ရဲ့ နေအိမ်ကို စီးနင်းရှာဖွေမှုမှာ သေနတ် ၁၅ လက်နဲ့ ခဲယမ်းမီးကျောက်ပေါင်း ၁၀၀၀ ကျော်နဲ့အတူ မူးယစ်ဆေးဝါးတွေပါ တွေ့ရှိသိမ်းဆည်းရမိခဲ့တာ ဖြစ်ပြီး ၎င်းကို မူးယစ်ဆေးဝါးပြစ်မှုနဲ့ တရားမဝင် လက်နက်ခဲယမ်းတွေ လက်ဝယ်ပိုင်ဆိုင်မှုတွေနဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly