ထိုင်းဒါရိုက်တာချာချိုင်း ရိုက်မည့်ဇာတ်ကားအတွက် သရုပ်ဆောင်သစ် ၅ ဦးခန့် ခေါ်ယူသွားမည်

ထိုင်းဒါရိုက်တာချာချိုင်း ရိုက်မည့်ဇာတ်ကားအတွက် သရုပ်ဆောင်သစ် ၅ ဦးခန့် ခေါ်ယူသွားမည်

ဖေဖော်ဝါရီ၊ ရန်ကုန် ။             ။ ထိုင်းနိုင်ငံ၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့တွင် ရိုက်ကူးသွားမည့် From Chao Phraya to Ayeyawady ရုပ်ရှင်ဇာတ်ကားကြီး အတွက် မြန်မာမျက်နှာသစ်အမျိုးသမီး သရုပ်ဆောင်သစ် ၅ ဦးခန့်  ခေါ်ယူသွားမည်ဟု သိရသည်။

 “ကျွန်တော်က မျက်နှာသစ်တွေကို သဘောကျတယ်။ တကယ်တော့ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ Train ပေးရင် ဘယ်သူမဆို သရုပ်ဆောင် ဖြစ်နိုင်ပါတယ်။ ပရိသတ်တွေရဲ့ ယုံကြည်မှု ရဖို့ရောပေါ့။ ကျွန်တော်တို့ အမျိုးသမီး သရုပ်ဆောင် ၄ ယောက်၊ ၅ ယောက်လောက် ကြည့်နေပါတယ်။ ဘာလို့လဲဆိုတော့ အနုပညာအကအဖွဲ့ အနေနဲ့ Support လုပ်ဖို့ပါ” ဟု ထိုင်းဒါရိုက်တာ Chartchai က ပြောသည်။

ထိုင်းနိုင်ငံသား ဒါရိုက်တာ Chartchai က ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၃ ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တပ်မတော်ခန်းမ၌ ပြုလုပ်မည့် ထိုင်းကုန်စည်များပြပွဲ (Top Thai Brands 2019) မှာ အသက် ၁၈ နှစ်ကနေ ၂၈ ကြားရှိ အမျိုးသမီးသရုပ်ဆောင်သစ်ရွေးချယ်ပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။

 “ဒီနေ့ကတော့ စစ်ဆေးကြည့်တာနဲ့ Personality ကို စစ်ဆေးကြည့်တာပါ။ တကယ်လို့ စိတ်ဝင်စားရင်တော့ သူတို့ကို လေ့ကျင့်သင်ကြားပေးမှာပါ။ လူတိုင်းက လေ့ကျင့်ပေးရင်တော့ သရုပ်ဆောင်တွေ ဖြစ်လာနိုင်ပါတယ်။ နောက်ရိုက်မဲ့ကားအတွက် ပြောရရင် ကျွန်တော်တို့က Movie ကို ဘယ်တော့မှ မလုပ်ပါဘူး။ စျေးကြီးလို့ပါ။ ငွေကြေးပြန်ရဖို့ အရမ်းခက်ခဲတယ်” ဟု ဒါရိုက်တာ Chartchai က ဆိုသည်။

အဆိုပါရုပ်ရှင်ကို  ယခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလ ခန့်တွင် စတင်ရိုက်ကူးနိုင်မည်ဟု ရည်မှန်းထား ကြောင်း ထိုင်းဒါရိုက်တာက ဆိုသည်။

ဒါရိုက်တာ Chartchai သည် နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထိုင်းမင်းသမီး Pilaiporn Supinchonpoo၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သည့် From Bangkok to Mandalay ဇာတ်ကား ၊ နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်၊ ဒေါင်း တို့ ပါဝင်သရုပ်ဆောင်ထားသည့် လိပ်ပြာစံအိမ်( The Only Mom) ဇာတ်ကားများဖြင့် မြန်မာပရိသတ်များအကြား လူသိများခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly