တောင်ငူ ၂ လောင်းပြိုင်လူသတ်မူ ကျူးလွန်ခဲ့သူနှစ်ဦးအား ချုပ်ရမန်ယူ စစ်ဆေးနေ

တောင်ငူ ၂ လောင်းပြိုင်လူသတ်မူ ကျူးလွန်ခဲ့သူနှစ်ဦးအား ချုပ်ရမန်ယူ စစ်ဆေးနေ
 ပြည်တွင်းရှိ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်မှ အခင်းဖြစ်ပွားမှု မြင်ကွင်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ။           ။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်မြို့တွင်ဖြစ်ပွားခဲ့သော ဇနီးမောင်နှံနှစ်ဦးအား သတ်ခဲ့ သည့်အမှုနှင့် ပတ်သက်ပြီး ကျူးလွန်ခဲ့သူနှစ်ဦးကို ချုပ်ရမန်ယူစစ်ဆေးနေပြီဖြစ်ကြောင်း ကေတုမတီ မြို့သစ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်လင်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါ လူသတ်မှုမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူသတ်မှု ကျူးလွန် သူူများမှာ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်မြို့၊ မင်းကြီးဆွေရပ်ကွက်တွင် နေထိုင်သည့် ဦးတိုးကြည်နှင့် ၎င်း၏ သားဖြစ်သူ ရဲဝင်းတို့ဖြစ်ကြောင်း သိရသည်။

လူသတ်မှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ အသတ်ခံရသူ ဦးစိုးလင်းသန်း၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ချာစုစုလင်းတို့မှာ  သမီးဖြစ်သူနှင့်အတူ ဖေဖော်ဝါရီလ ၂၁ ရက်( ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မှ တောင်ငူသို့ ရောက်ရှိလာပြီး လူသတ်မှုကျူးလွန်သူ သားအဖဆီမှ ၂ဝ၁၂ ခုနှစ်က ဝယ်ယူထားသည့် အိမ်ခြံမြေဂရမ် သက်တမ်းတိုးရန်အတွက် မှတ်ပုံတင်မိတ္ထူနှင့် အိမ်ထောင်စုစာရင်းမိတ္ထူတောင်းယူခဲ့ရာမှ အချင်းများခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်အောင်လင်းက အမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ပြောပြသည်။

“ အဲ့လိုတောင်းတဲ့အချိန်မှာ အဲ့ဒီမိတ္ထူတွေကို မပေးနိုင်သေးဘူး။ အလုပ်လည်းမအားဘူး။ ဒီနေ့လည်း လိုက်ပြီးတော့ မကူညီပေးနိုင်ဘူးဆိုပြီး တစ်ဖက်နဲ့ တစ်ဖက် စကားအခြေအတင်ဖြစ်တယ်။ လိုက်ပါကူညီပေးဖို့ မေတ္တာရပ်ခံတယ်။ မရဘူး။ မရတဲ့အဆုံးမှာ ဟိုဘက်နဲ့ ဒီဘက် သဘောထားလေးတွေ တင်းမာသွားတာပေါ့။ ဘယ်လိုမှ အဆင်မပြေနိုင်တော့လို့ သေဆုံးသူ မိသားစုက ပြန်ထွက်လာတဲ့အချိန်မှာ နောက်ကနေ လိုက်လာ ပြီး တွန်းလှဲ နပန်းလုံးလိုက်တာပေါ့။ တရားခံရဲ့ ပြောပြချက်အရတော့ သေဆုံးတဲ့သူက မာရေ၊ ကျောရေနဲ့ ပြောလို့၊ စကားပြောတာ သူ့ကို ကျောတယ်လို့ထင်လို့ သူ့လုပ်လိုက်မိတယ်လို့ ပြောတယ် ”ဟု စခန်းမှူး ရဲအုပ်အောင်လင်းက ပြောသည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးကို ကျူးလွန်သူ သားအဖနှစ်ယောက်က နပန်းဝင်လုံးပြီးနောက် လဲကျသွားသည့် အချိန်တွင် အခင်းဖြစ်ပွားခဲ့သော ကားလမ်းဘေး ဓာတ်တိုင်ခြေရင်းရှိ  လုံးပတ် ကျပ်လုံးခန့်၊ အရှည် ၁ဝ လက်မရှိ သံချောင်းတပ်ဆင်ထားသည့် တင်းပုတ်သဏ္ဍာန် လမ်းမီးတိုင်ကြေးသီးဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

“ အဲ့ဒါတွေနဲ့ ရိုက်တာပေါ့။ ရိုက်တဲ့အချိန်မှာ လင်မယားနှစ်ယောက်လုံး မျက်နှာတွေမှာကို ကွဲကြေဒဏ်ရာ တွေရပြီးတော့ ဦးနှောက်အပိုင်းအစတွေပါ ထွက်သွားတာပေါ့။ အဲ့ဒါနဲ့ ကျွန်တော်တို့ ရနိုင်သမျှ ကုသပေး မယ်ဆိုပြီးတော့မှ အသက်တွေကတော့ ရှုနေသေးတော့ ဆေးရုံကို မနက် ၈ နာရီ၊ ၄ဝ မိနစ်လောက်မှာ ပို့လိုက်တယ်။ ဆေးရုံမှာပဲ ကုသရင်းနဲ့ ၉ နာရီ ၁၅ လောက်မှာ ဆုံးသွားတာပေါ့”ဟု ကေတုမတီ မြို့သစ် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်လင်းက ပြောသည်။

အသတ်ခံရသူ ဇနီးမောင်နှံတွင် ကျန်ခဲ့သော အသက် ၁၅  နှစ်အရွယ် မိန်းကလေးငယ်အား လက်ရှိတွင် ရန်ကုန်မှ မိသားစုဝင်များက ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးတိုးကြည်နှင့် ၎င်း၏ သားဖြစ်သူ ရဲဝင်းတို့ကို ကေတုမတီမြို့ သစ်နယ်မြေ ရဲစခန်းတွင် (ပ) ၂၉/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂(လူသတ်မှု)၊ ၃၂၅ (အပြင်း အထန်နာကျင်စေမှု)၊ ၁၁၄(ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု) စသည့် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားပြီး ချုပ်ရမန်ယူစစ်ဆေး နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly