ကလေးများထံမှ ရွှေထည်များကို လက်သည်းညှပ်ဖြင့် ဖြတ်ယူခဲ့သူ အမျိုးသမီးကို ဖမ်းမိ

ကလေးများထံမှ ရွှေထည်များကို လက်သည်းညှပ်ဖြင့် ဖြတ်ယူခဲ့သူ အမျိုးသမီးကို ဖမ်းမိ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ။      ။    ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ သီလဝါလမ်းမကြီး၊ ကျိုက်ခေါက်ဘုရားပွဲတော်အတွင်း ကလေးများထံမှ ရွှေထည်ပစ္စည်းများကို လက်သည်းညှပ်ဖြင့် လိုက်လံဖြတ်ယူခဲ့သူ အမျိုးသမီးကို ဖမ်းဆီးရ မိထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူ အမျိုးသမီးမှာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၁၈)လမ်းတွင်နေထိုင်သော အသက် ၄၈ နှစ်အရွယ် မလှလှဝင်း ဆိုသူဖြစ်ပြီး ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး အတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ရာမှ ယင်းအမျိုးသမီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၂၁ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မလှလှဝင်းအား ဘုရားပွဲစျေးတန်းအတွင်း ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၉ နာရီ၊ ၄၅ မိနစ်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မသင်္ကာသဖြင့်် ခေတ္တထိန်းသိမ်း စစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်ထားသော အမဲရောင် ကြွပ်ကြွပ် အိတ်အတွင်းမှ ရွှေထည်ပစ္စည်းများတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိတ်အတွင်းမှ ဆင်ရုပ်ပုံပါ မိန်းမကိုင်ပိုက်ဆံအိတ်အတွင်းမှ ရွှေဆွဲကြိုး ၁ ကုံး၊ အဝိုင်းပုံပါ ရွှေဆွဲသီး ၁ ခု၊ရွှေလက်စွပ် မောင်းကွင်း ၁ ကွင်း၊ အုပ်ခဲပုံပါ ရွှေလက်စွပ် ၂ ကွင်းနှင့် လက်သည်းညှပ် ၁ ခုတို့အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းရွှေထည်ပစ္စည်းများနှင့် ပတ်သက်ပြီး မလှလှဝင်းကို မေးမြန်းခဲ့ရာ ကျိုက်ခေါက်ဘုရားပွဲစျေးတန်းတွင် အုပ်ထိန်းသူများနှင့်အတူ လမ်းလျှောက်နေသော အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ လည်ပင်းမှ ဖြုတ်ယူရရှိသည့် ရွှေဆွဲကြိုး ၁ ကုံး၊ ဘုရားပွဲတော် သနပ်ခါးတန်းအနီးတွင် အုပ်ထိန်းသူများနှင့်အတူလာ ရောက်သည့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ လည်ပင်းမှ ခမဲကြိုးနှင့်တွဲထားသည့် ရွှေဆွဲသီး အဝိုင်း တစ်ခုတို့ကို လက်သည်းညှပ်ဖြင့် ဖြတ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ထို့အပြင် ဘုရားစျေးပွဲတော်အတွင်း အုပ်ထိန်းသူများနှင့်အတူလာရောက်သည့် အသက် ၇ နှစ်နှင့် အသက် ၅ နှစ်ခန့်ရှိ ကလေးငယ် ၃ ဦးထံမှ မောင်းကွင်း ၁ ကွင်း၊ အုပ်ခဲပုံပါရွှေလက်စွပ် ၂ ကွင်းတို့ကိုလည်း အလားတူ လက်သည်းညှပ်ဖြင့် အလစ်သုတ်ဖြတ်ယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ဖော်ပြပါရှိသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် အသက် ၄၈ နှစ်အရွယ် မလှလှဝင်းကို ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly