ထိုင်း - မြန်မာ ကုန်သွယ် တိုးမြှင့်နိုင်ရေးနိုင်ရေး ထိုင်းကုန်စည်ပြပွဲပြုလုပ်

ထိုင်း - မြန်မာ ကုန်သွယ် တိုးမြှင့်နိုင်ရေးနိုင်ရေး ထိုင်းကုန်စည်ပြပွဲပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ။             ။ ထိုင်း - မြန်မာနှစ်နိုင်ငံအတွင်း ကုန်သွယ်မှုတိုးမြှင့်စေရေးနှင့် လုပ်ငန်းရှင်များသာမက စားသုံးသူများအတွက်ပါ အကျိုးရှိစေရန်ရည်ရွယ်၍ ထိုင်းကုန်စည်ပြပွဲကို ရန်ကုန်မြို့တပ်မတော်ခန်းမတွင်ကျင်းပလျက်ရှိသည်။

 အဆိုပါပြပွဲကို စီးပွားကူးသန်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးဌာနနှင့် ထိုင်းနိုင်ငံမှ DITP တို့ပူးပေါင်းကာ ကျင်းပနေခြင်းဖြစ်ကြောင်း ပွဲတာဝန်ရှိသူတစ်ဦးကဆိုသည်။

 “ထိုင်းကုန်စည်တွေကို ထိုင်းနိုင်ငံအနေနဲ့မြန်မာစျေးကွက်က စားသုံးသူတွေပိုပြီးသိစေဖို့ရည်ရွယ်ပါတယ်။ နောက်တစ်ချက် ထိုင်းလုပ်ငန်းရှင်တွေနဲ့ မြန်မာလုပ်ငန်းရှင်တွေပူးတွဲပြီး လုပ်ငန်းလုပ်ဆောင်ရေး ပူးတွဲပြီးမှ အကျိုးဖြစ်မယ့်ဟာလို့ရည်ရွယ်ပါတယ်။ နောက်ဆုံးအနေနဲ့စားသုံးသူတွေလည်း အကျိုးရှိစေဖို့ရည်ရွယ်သလို နောက်တစ်ချက်အနေနဲ့ထိုင်းလုပ်ငန်းရှင်နဲ့မြန်မာလုပ်ငန်းရှင်တွေပူးပေါင်းဆောင်ရွက်ရေးနဲ့ကမ္ဘာ့စျေးကွက်ကို ရောက်ရှိအောင်ကြိုးစားနိုင်ဖို့ရည်ရွယ်ပါတယ်” ဟု ပွဲတာဝန်ရှိသူတစ်ဦးဖြစ်သူ Modern Myanmar Synergy Co.,LTD မှ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာဖြိုးကိုကိုနိုင်ကပြောသည်။

 မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်အပြင် အိန္ဒိယနိုင်ငံတို့မှာ အရေးကြီးသည့် နေရာတွင်ရှိနေပြီး ကုန်စည်ပြပွဲများပြုလုပ်ခြင်းဖြင့် လုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးများစွာရနိုင်ကြောင်းလည်း UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကဆိုသည်။

“တစ်နှစ်နဲ့တစ်နှစ် တိုးတက်လာပါတယ်။ အထူးသဖြင့် ၁၂ ရာခိုင်နူန်းကျော်လောက်တက်လာတယ်ပေါ့။ ၅ ဘီလီယံလောက် ကုန်သွယ်မှုကို ပြီးခဲ့တဲ့နှစ်ကလုပ်နိုင်တော့ ဒီနှစ်လည်း ပိုပြီးတော့လုပ်နိုင်တဲ့ အခွင့် အလမ်းတွေရှိတဲ့အတွက် ပိုပြီး ရင်းနှီးမြှုပ်နှံမှာပါ” ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)  ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောသည်။

Top Thai Brands 2019 ဟုနာမည်ပေးထားသည့် ထိုင်းကုန်စည်ပြပွဲကို တပ်မတော်ခန်းမတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြပွဲကို မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည်မှာ ၄ ကြိမ် ရှိပြီဖြစ်ကြောင်း ယင်းပြပွဲတွင် ထိုင်းသံအမတ်နှင့် ထိုင်းကုန်သည် လုပ်ငန်းရှင်များအပြင် မြန်မာနိုင်ငံဘက်မှ လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြောင် သိရသည်။

 အဆိုပါပြပွဲအတွင်း ဆိုင်ခန်းပေါင်း ၁၃၀ ခန့်ရှိပြီး အစားအသောက်၊ လူသုံးကုန်ပစ္စည်း အမျိုးအစားအမျိုးမျိုးကို ပြခန်းများပြသကာ ဖွင့်လှစ်ထားခြင်းလည်းဖြစ်သည်။

ထို့အပြင် ထိုင်းအစားအစာများဖြစ်သည့် ယိုးဒယားသင်္ဘောသီးထောင်း၊ ထိုင်းသရက်သီး၊ ထိုင်းဒူးရင်းသီး အစရှိသည့် အစားအသောက်များကိုလည်း ပြသရောင်းချနေသည်ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly