အလှမယ် ထက်ထက်ထွန်းကို မြို့နယ်စည်ပင်ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြား

အလှမယ် ထက်ထက်ထွန်းကို မြို့နယ်စည်ပင်ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြား

ရန်ကုန်၊ဖေဖော်ဝါရီ ၂၁ ။      ။    ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်ထက်ထက်ထွန်းကို သတင်းတစ်ခုတွင် သုံးနှုန်းထားသည့် စကားလုံးအသုံးနှုန်းတစ်ခုကြောင့် နစ်နာမှုရှိသည့်အတွက် လသာ မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၃)မှ မြို့နယ်ကော်မတီဝင်နေရာတွင် ပါဝင်ယှဉ်ပြိုင်မည့်  ဦးကျော်စိုးထွဋ်က တိုင်ကြားထားကြောင်းသိရသည်။

"ဒီမီဒီယာ တစ်ခုကနေ သတင်းထည့်လိုက်တဲ့အချိန်မှာ  ရေးတဲ့စကားလုံးအသုံးနှုန်း တစ်ခုမှားသွားလို့ ဆိုပြီး တိုင်ကြားထားတာပါ။ ရွေးချယ်ခံနဲ့ ရွေးကောက်ခံ ဒီလသာမြို့နယ်မှာ ဝင်ရောက်အရွယ်ခံဖို့အတွက် အထက်ကနေ အသိမှတ်ပြုလိုက်တယ်ဆိုတဲ့ သတင်းထုတ်တဲ့ဟာကို ရေးလိုက်တဲ့အခါမှာ ထက်ထက်ထွန်းက ရွေးချယ်ခံလိုက်ရပါတယ်ဆိုပြီး တစ်ဖက်က နောက်ထပ်တစ်ယောက်က ထက်ထက်ထွန်းတစ်ယောက်တည်း ရွေးချယ်ခံထားရပါတယ်ဆိုတဲ့ ပုံစံမျိုး အဓိပ္ပါယ်သက်ရောက်သွားတဲ့အတွက် သူ့အတွက် ထိခိုက်  နစ်နာမှု ရှိတယ်ဆိုပြီး တိုင်ကြားလာတာပါ" ဟု အလှမယ် ထက်ထက်ထွန်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် ကိုယ်စားလှယ်များစာရင်းကို ဖေဖော်ဝါရီ ၁၈ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ၁၉ရက်နေ့တွင် ဒီမိုကရေစီတူဒေး သတင်းစာမှ "ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင်နှင့် မြို့နယ်အဆင့်များအတွက် ရွေးကောက်ခံကိုယ်စားလှယ်လောင်း ၂၇၄ဦး ရွေးချယ်ပြီးစီး" ဟု  ရေးသားပါရှိသည့်အတွက် ယင်းသတင်းစာကို သတင်းမီဒီယာကောင်စီသို့ တိုင်ကြားထားကြောင်း ဦးကျော်စိုးထွဋ်က ဆိုသည်။

"ကျွန်တော်တို့က တိုင်ကြားတာက လူကြီး ဆုံးဖြတ်တာလက်ခံရမှာပေါ့။လူကြီးက အပြစ်ရှိလို့ ဆုံးဖြတ်ရင် ခံလိုက်ပေါ့။အပြစ်မရှိဘူးလို့ ဆုံးဖြတ်ရင်လည်း ပြီးပြီပေါ့။ လူကြီးသဘောပါပဲ"ဟု လသာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၃)မှ မြို့နယ်ကော်မတီဝင်နေရာတွင် ပါဝင်ယှဉ်ပြိုင်မည့်   ဦးကျော်စိုးထွဋ်ကပြောသည်။

ဦးကျော်စိုးထွဋ်နှင့် အလှမယ် ထက်ထက်ထွန်းတို့သည် မဲဆန္ဒနယ်အမှတ်(၃) မြို့နယ်ကော်မတီဝင် နေရာ အတွက် လသာမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များဖြစ်ကြပြီး မဲဆန္ဒနယ်အမှတ်(၃) မြို့နယ် ကော်မတီဝင် နေရာအတွက် ပန်းဘဲတန်း၊ လသာ၊ဆိပ်ကမ်း၊ အလုံ၊စမ်းချောင်း၊ကြည်မြင်တိုင်၊ ဗဟန်း၊ဒဂုံ၊ ရန်ကင်းနှင့်ကမာရွတ်၊တာမွေ မြို့နယ်များမှ ကိုယ်စားလှယ်များ ပါဝင်ယှဉ်ပြိုင်ကြမည်။

"အဓိက မြန်မာစကားကတော့ စကားလုံးအသုံးနှုန်းလေးတွေက တစ်ခုနဲ့တစ်ခု နားလည်မှုလွဲသွားတတ်တယ် ဖြစ်တာကြောင့်မို့ ဒီလိုပြဿနာလေးတွေ ဖြစ်သွားတယ်လို့ထင်ပါတယ်။ ဒီပေါ်မှာ နိုင်ငံအတွက်၊မြို့အတွက် ဆိုပြီး ဦးတည် ယှဉ်ပြိုင်ရတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေ ရိုးရိုးသားသား ယှဉ်ပြိုင် သွားကြမယ်ဆိုပြီး ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ထက် ဘက်ကတော့ သူကို ထိခိုက်စေလိုတဲ့စိတ်၊ တိုက်ခိုက်စေလိုတဲ့ စိတ်တစ်ခုမှ မရှိပါဘူး" ဟု အလှမယ်ထက်ထက်ထွန်းက ဆိုသည်။

ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဖြေရှင်းရန်အတွက် လသာမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ် ထက်ထက်ထွန်းနှင့် ဦးကျော်စိုးထွဋ်တို့ကို မြို့နယ်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်ထားကြောင်း သိရသည်။

လာမည့် မတ်လ (၃၁)ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ၂၇၄ဦးရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီးရွေးကောက်ပွဲကို မတ်လ (၃၁)နေ့တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်မည့် ရွေးချယ်ခံ ကိုယ်စားလှယ်လောင်း ၂၇၄ဦးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly