ပရိသတ် လက်ခံအားပေးရင် “မြို့ပြမုဆိုးများ’’ အပိုင်း ၂ ဆက်ရိုက်သွားမယ်

ပရိသတ် လက်ခံအားပေးရင် “မြို့ပြမုဆိုးများ’’ အပိုင်း ၂ ဆက်ရိုက်သွားမယ်

ဖေဖော်ဝါရီ ၂၁၊ ရန်ကုန် ။      ။   အက်ရှင်ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ “မြို့ပြမုဆိုးများ”ရုပ်ရှင်ကို ပရိသတ်တွေရဲ့ အားပေးလက်ခံမှုပေါ်မူတည်ပြီးတော့ အပိုင်းဆက်ကို ဆက်ရိုက်သွားမှာ ဖြစ်တယ်လို့ ရုပ်ရှင်သရုပ်ဆောင် ခါရာက ပြောပါတယ်။

“Coming ကတော့ ဒီကားပေါ်မှာပဲ မူတည်တယ်ဗျ။ ဘယ်လိုပြောမလဲ ကျွန်တော်တို့ဆီမှာ ရှိတယ် ဇာတ်တွေက။ ရေးပြီးသား ရှိတယ်။ ရှေ့မှာလည်း ရိုက်ဖို့ ရှိတယ်။ နောက်မှာလည်း ရိုက်ဖို့ ရှိတယ်။ ကျွန်တော်တို့ လျာထားပါတယ်။ ဒီကား ပရိသတ်တွေ ကြိုက်ရင် ကျွန်တော်တို့ ဒီထက်ပိုပြီးကောင်းတဲ့ အက်ရှင်နောက်တစ်ကားဖန်တီးမယ်” လို့ သူက ပြောပါတယ်။

“မြို့ပြမုဆိုးများ’’ အက်ရှင်ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ဖေေဖော်ဝါရီလ ၂ဝ ရက်နေ့က ရန်ကုန်မြို့ Junction City တွင် ပြုလုပ်ခဲ့ပြီး အခုလိုပြောခဲ့တာလည်းဖြစ်ပါတယ်။

သရုပ်ဆောင် ခါရာ၊ ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီ ဇင်ဝိုင်း၊ ပြည့်ဝတီမောင်နဲ့ အခြား မျက်နှာသစ်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ “မြို့ပြမုဆိုးများ’’ ရုပ်ရှင်ဟာ တစ်နှစ်ခွဲကြာ အချိန်ယူရိုက်ကူးထားတဲ့ အက်ရှင်ဒရာမာရုပ်ရှင်ကားတစ်ကားလည်း ဖြစ်ပါတယ်။

“ဒီကားကို ဝေဖန်မှုတွေအများကြီး ရှိတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယားကားကို ခိုးပြီး ရိုက်ထားတယ် ဆိုတာတွေ ရှိတယ်။ ဆိုတော့ မဝေဖန်ပါနဲ့ဦး။ ဒီကားလေးကို ကြည့်ကြည့်ပါ။ ကြည့်ပြီးတဲ့အခါကျမှ ဝေဖန်ပါ ။ ညီမကတော့ အဲ့ဒါပြောချင်ပါတယ်။ မနိုရာတို့ဘက်ကလည်း ကမ်းလှမ်းခဲ့မယ်၊ ပြီးတော့ ဒီမြို့ပြမုဆိုးများ ကို ပရိသတ်တွေက ကြိုက်မယ်၊ ပရိသတ်တွေက ဆက်ပြီးတောင့်တနေမယ်ဆိုရင် ညီမတို့ ဒီမြို့ပြမုဆိုးများ ၂ ကို ဆက်ရိုက်သွားမှာပါ’’ လို့ ရုပ်ရှင်သရုပ်ဆောင် ပြည့်ဝတီမောင်က ပြောပါတယ်။

မျက်နှာသစ်ရုပ်ရှင်မင်းသားမင်းသမီးတွေပါဝင်သရုပ်ဆောင်ထားကြတဲ့ “ မြို့ပြမုဆိုးများ’’ ရုပ်ရှင်ကို ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးပုံဖော်ထားပြီး မတ်လ ၁ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံး ရုံတင်ပြသတော့မှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly