ပထမတန်းကျောင်းသူအသတ်ခံရမှုတွင် ၁ နှစ်ကျော်အထိ သံသယရှိသူအား မဖမ်းမိသေး

ပထမတန်းကျောင်းသူအသတ်ခံရမှုတွင် ၁ နှစ်ကျော်အထိ သံသယရှိသူအား မဖမ်းမိသေး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ။                ။ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဟံဇားကျေးရွာအုပ်စု၊ ဝမ်းသာကျေးရွာတွင် ပထမတန်းကျောင်းသူ မိန်းကလေးငယ်ကို အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးက သတ်သည်ဟု ယူဆရသောအမှုမှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သံသယရှိသူအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

“ နောက်ဆုံးအခြေအနေကတော့ ဒီကလေးကို ကျွန်တော်တို့ လိုက်ဖမ်းနေတာပေါ့။ လိုက်ဖမ်း၊ လိုက်ရှာ နေတာပေါ့ဗျာ။ ဒီကလေးက သူ့ရွာကနေပြီးတော့မှ သူ့မိဘတွေ၊ သူ့အဖွားဖြစ်သူနဲ့ မြဝတီဘက်ကို ပါသွား ကတည်းက ပြန်မလာဘူးဖြစ်နေတယ်။ ကျွန်တော်လည်း ဒီကနေ့အထိ ကွင်းဆက်ပြတ်နေလို့။ ဥပဒေအကြံပြု ချက်ကျလို့ ပထမတစ်ခေါက်သွားကတည်းက ဒီ ကလေးပါလာခဲ့ရင် တရားစွဲပြီးသွားပြီ။ ဒီ ကလေးမပါတော့ အခုထိ တရားမစွဲရသေးဘူးဖြစ်နေတယ်”ဟု ဟံဇားရဲစခန်းမှူးက ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိန်းကလေးငယ်မှာ ရေတွင်းထဲတွင် ဒဏ်ရာများနှင့်အတူ သေဆုံးလျှက် ပြန်တွေ့ရကာ အဆုတ်ထဲသို့ ရေဝင်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းဆရာဝန် စစ်ဆေးချက်အရ သိရသည်။

ထို့ပြင် မိန်းကလေးငယ်နားတွင် ပန်ဆင်ထားသော နားတောင်းမှာ ပျောက်ဆုံးနေပြီး ရေတွင်းအနီးတွင်လည်း ဂွရှင်တစ်ချောင်းကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

အခင်းဖြစ်ပွားစဉ်အချိန်က အဆိုပါအမှုနှင့် ပတ်သက်ပြီး သာမန်ရေတွင်းထဲပြုတ်ကျကာ ရေနှစ်သေဆုံးခြင်း မဟုတ်ဘဲ ဒဏ်ရာရရှိအောင်ပြုလုပ်ပြီး ရေတွင်းထဲသို့ တွန်းချသည့် အနေအထားမျိုးဟု ယူဆသဖြင့် လူသတ်မှုဖြင့် အရေးယူပေးရန် ဖခင်ဖြစ်သူ ဦးဆန်းဦးက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်ကတော့ အမှုမှန်ကိုပဲ အမြန်ပေါ်စေချင်တာ။ ကျွန်တော်သမီးလေးက အခုဆို အခါလည်သွားပြီ။ တွေးမိတိုင်း ဖခင်တစ်ယောက်နေနဲ့ ယူကျုံးမရ အခုချိန်ထိဖြစ်တုန်း။ အမှုက တစ်နှစ်ကျော်ပြီ၊ တော်တော်ကြာ နေပြီ။ အမှုမှန်ပေါ်ပေါက်စေချင်ပြီ။ ကျွန်တော်သမီးနောက်မှ ဖြစ်တဲ့အမှုတွေတောင် အခုဆိုရင် အကုန်စစ်ပြီး ကုန်တဲ့အမှုတွေဖြစ်နေပြီ။ ဒီလောက်ကြန့်ကြာနေတာ ကျွန်တော်မခံစားနိုင်လို့ပါ။ ဆရာဝန်ရဲ့ ဆေးစစ်ချက် အရတော့ အဓမ္မပြုကျင့်ခြင်းတော့မရှိဘူး။ ခြေလက် အင်္ဂါပွန်းပဲ့ခြင်း၊ နံရုံးကျိုးတာတွေ၊ ဦးနှောက်ထဲ သွေး ရောက်တာတွေ မရှိဘူး။ အဆုတ်ထဲမှာတော့ ရေ ရောက်တယ်လို့ ဆရာဝန်ကတော့ပြောတယ်”ဟု သေဆုံးသူ ကလေးငယ်၏ ဖခင် ဦးဆန်းဦးက မဇ္စျိမသို့ ပြောသည်။

အဆိုပါအမှုကို လူသေမှုမှ လူသတ်မှုအဖြစ် ဟံဇားရဲစခန်းမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသဖြင့်  ဦးဆန်းဦးက ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ရက်စွဲဖြင့်  ပြည်ထဲရေးအပါအဝင် မန္တလေးတိုင်းဝန်ကြီးချုပ်၊ တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ မူးခင်းရဲတပ်ဖွဲ့မှူးရုံး၊ သတင်းရဲတပ်ဖွဲ့မှူးရုံးများသို့ စာပို့တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်၊ ဇူလိုင် လ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ လူသတ်မှုအဖြစ် ပြောင်းလဲပေးခဲ့သည်။

“ သာစည်မြို့နယ်တရားရုံးရောက်တော့ ဆရာဝန်ရဲ့ ဆေးစစ်ချက်ရယ်။ မျက်မြင်ကလေးသက်သေတွေရယ်၊ လက်သီးနဲ့ ထိုးတယ်ဆိုတာမြင်တယ်ဆိုတဲ့ မျက်မြင်ပါ ပါလာတယ်။ မျက်မြင်တွေခေါ်ပြီးတော့ တရားရုံးက ခေါ်စစ်တာ ၅ လပိုင်း၊ ၃ဝ ရက်နေ့မှာ တရားရုံးရဲ့ သုံးသပ်ချက်က ဓမ္မတာအတိုင်းသေဆုံးခြင်းမဟုတ်။ ပြစ်မှု တစ်စုံတစ်ရာကို တစ်ဦးဦးက ကျူးလွန်လို့ဆိုပြီးတော့ သုံးသပ်ချက်ချလိုက်တယ်။ သေမှုသေခင်းမဟုတ်ဘူး။ လူသတ်မှုပေါ့။ ဒါပေမယ့် ရဲက လူသတ်မှု ၃ဝ၂ မပြောင်းပေးဘူးလေ၊ ကျွန်တော်တို့ ရဲချုပ်ကို တိုင်လိုက်မှ ရဲချုပ်က ဆင်းစစ်မှ ပုဒ်မပြောင်းပေးတာ” ဟု ဦးဆန်းဦးက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တစ်ရွာတည်းနေ အသက် ၁၂ နှစ်အရွယ် ညီညီထွန်းကို ကျူးလွန်သူဟု ရဲတပ်ဖွဲ့မှ သံသယ ရှိနေပြီး အသက်မပြည့်သေးသည့်အတွက် ဖမ်းဆီးခွင့်ရရန် ကနဦးအနေဖြင့် တရားရုံးသို့ ဥပဒေ အကြံပြုချက်တင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဥပဒေအကြုံပြုချက်ရရှိခဲ့ကြောင်း ဟံဇားရဲစခန်းမှ သိရသည်။

လက်ရှိတွင် အဆိုပါကျေးရွာသို့ နောက်တစ်ကြိမ်ထပ်မံသွားရောက်ရန် ပြင်ဆင်နေပြီး ကျူးလွန်သူဟု ယူဆရ သူကို ဖမ်းဆီးရမိရေးဆောင်ရွက်သွားမည်ဖြစ်ကာ မြဝတီမှ နယ်မြေခံရဲတပ်ဖွဲ့များနှင့်လည်း ချိတ်ဆက် လုပ်ဆောင်နေကြောင်း စခန်းမှူးက ပြောသည်။

“ ကျွန်တော်ကတော့ ဥပဒေအကြံပြုချက်ကျပြီး ဒီကလေးကို အမြန်ဆုံးဖမ်းဆီးတရားစွဲဖို့ပဲ။ သူနေခဲ့တဲ့ ရွာမှာ ကလေးက မရှိဘဲ ရှောင်တိမ်းနေတဲ့အတွက် ကျွန်တော်တို့က ဒီကလေးကို ဖမ်းဆီးလို့မရဖြစ်နေတာ။ အဲ့ဒီရွာ ကို ၂ ခေါက်ရှိပြီ သွားတာ။ ကလေးက မရှိဘူး။ နောက်တစ်ခါ ထပ်သွားဦးမယ်။ သွားလို့တွေ့ရင် တစ်ခါတည်း ဖမ်းခေါ်လာပြီး တရားစွဲလိုက်မယ်။ တကယ်လို့ မတွေ့ရင်လည်း ကျွန်တော်တို့ တရားခံပြေးနဲ့ပဲ တရားစွဲတင်ရ တော့မယ်”ဟု ဟံဇားရဲစခန်းမှ စခန်းမှူးက ဆက်ပြောသည်။

အမှုဖြစ်စဉ်အကျဉ်းမှာ သေဆုံးခဲ့သည့် အသက် ၇ နှစ်အရွယ် ပထမတန်းကျောင်းသူမှာ သူငယ်ချင်းများနှင့် အတူ ဝမ်းသာရွာရှိ ဖောင်တန်းနားဘုရားတွင် သွားရောက်ကစားရာမှ ညနေပိုင်းတွင် အခြားကလေးများ ရွာသို့ ပြန်လာသော်လည်း မိန်းကလေးငယ်မှာ  ပြန်မရောက်သဖြင့် အတူကစားခဲ့သည့် ကလေးများကို မေးမြန်းခဲ့ရာ မောင်ညီညီထွန်းနှင့်အတူ ကျန်နေခဲ့ကြောင်း ပြောသဖြင့် မိဘဖြစ်သူများက သွားရောက်ရှာဖွေခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ဝိုင်းဝန်းရှာဖွေခဲ့ရာ ညနေ ၇ နာရီခန့်တွင် ဖောင်တန်းနားဘုရားအနီး ရေတွင်းတစ်တွင်းတွင် ကလေးစီး ဖိနပ်တစ်ရံ ရေပေါ်ပေါ်နေသည်ကို တွေ့ရသဖြင့် ဆင်းကြည့်ရာမှ ကလေးငယ်ကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး ကလေး၏ ရွှေနားတောင်းမှာ ပျောက်ဆုံးနေသည့်အပြင်  ကလေး၏ မျက်ခုံး (၂) ခုကြားတွင် ဖူးရောင် ဒဏ်ရာ တစ်ချက်၊ ယာဘက်မျက်နှာနှင့် လည်ပင်းတွင် ပွန်းပဲ့ဒဏ်ရာများ၊ ညိုမည်းဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ထို့ပြင် အဆိုပါ ရေတွင်းအနီးတွင် ဂွရှင်တစ်လက်ကိုလည်း တွေ့ရှိခဲ့သည်။

လက်ရှိတွင် တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် အသက် ၇ နှစ်အရွယ် ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူအား လူသတ်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲတင်နိုင်ရေးအတွက် အပူတပြင်းရှာဖွေနေသည်ဟု ဟံဇားရဲစခန်း မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required