ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန်းတို့ရဲ့ ဆံပင်ပုံစံတွေအတိုင်း အလကား ညှပ်ပေးနေတဲ့ ဗီယက်နမ် ဆံသဆရာ

ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန်းတို့ရဲ့ ဆံပင်ပုံစံတွေအတိုင်း အလကား ညှပ်ပေးနေတဲ့ ဗီယက်နမ် ဆံသဆရာ

ဖေဖော်ဝါရီ ၂၁ ။     ။    ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က ဆံသဆရာ Le Tuan Duong ကတော့ ခုရက်ပိုင်းအတွင်း သူ့ဆိုင်မှာ ဆံပင်လာညှပ်တဲ့ သူတွေကို  ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန်းတို့ရဲ့ ဆံပင်ပုံစံတွေအတိုင်း ညှပ်မယ်ဆိုရင် ပိုက်ဆံမယူဘဲ အလကား ညှပ်ပေးနေလျက် ရှိတယ်လို့ သိရပါတယ်။

ဒါဟာ လာမယ့်သီတင်းပတ်အတွင်း ဖေဖော်ဝါရီ ၂၇-၂၈ ကျရင် ဗီယက်နမ်မြို့တော်မှာ အဆိုပါ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမယ့် ထိပ်သီးအစည်းအဝေးကို ကြိုဆိုသောအားဖြင့် ယခုလို လုပ်ဆောင်ပေးနေတာဖြစ်ကြောင်း Le က ဆိုပါတယ်။

ကင်မ် ပုံစံ ညှပ်ချင်သူတွေအတွက် ဘေးနှစ်ဘက် ပါးပြီး အပေါ်ပိုင်း ခပ်ထူထူ ပုံစံ ရှိတဲ့ ဆံပင်ပုံစံ မျိုး ညှပ်ပေးပြီး ထရမ့် စတိုင် ညှပ်ချင်သူ ဖောက်သည်တွေကိုလည်း ထရမ့် ဆံပင်ပုံအတိုင်း တူအောင် ညှပ်ပေးနေလျက် ရှိပါတယ်။

ခုလို ထရမ့်နဲ့ ကင်မ်တို့ရဲ့ ဆံပင်စတိုင်တွေကို အလကားညှပ်ပေးနေတယ်ဆိုတဲ့ သတင်းကြောင့် သူ့ဆီမှာ ခုရက်ပိုင်းအတွင်း ဖောက်သည်တွေနဲ့ လက်မလည်အောင် ဖြစ်နေရတယ်လို့ Le က ပြောပါတယ်။

ဒါပေမယ့်လည်း ကင်မ် ရဲ့ ပုံစံ ညှပ်သူတွေက သိသိသာသာ ပိုများတယ်လို့လည်း ၎င်းက ပြောပါတယ်။

" ပြီးခဲ့တဲ့ ရက်တွေမှာတော့ ကျွန်တော့်ဆိုင်မှာ ကင်မ် ပုံစံ ဆံပင်မျိုး အယောက် ၂၀၀ လောက် ညှပ်ပေးခဲ့ရပါတယ်၊ ထရမ့် ပုံစံ ညှပ်သူကတော့ ငါးယောက်ပဲ ရှိပါတယ်" လို့ ဗီယက်နမ် ဆံသဆရာ Le က ပြောပါတယ်။

ခုလို ကင်မ်နဲ့ ထရမ့် ဆံပင်ကေမျိုးကို အခမဲ့ ညှပ်ပေးနေပေမယ့် ထရမ့် ဆံပင်ပုံစံလိုမျိုး ဆေးဆိုးမယ်ဆိုရင်တော့ ၄၃ ဒေါ်လာ ယူပြီး လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly