ဗင်နီဇွဲလားနိုင်ငံတွင် ဗင်နီဇွဲလားငွေအစား ကိုလံဘီယာငွေကိုသာ သုံးစွဲလာ

ဗင်နီဇွဲလားနိုင်ငံတွင် ဗင်နီဇွဲလားငွေအစား ကိုလံဘီယာငွေကိုသာ သုံးစွဲလာ

ဖေဖော်ဝါရီ ၂၀ ။            ။    ဗင်နီဇွဲလားနိုင်ငံ၊ အူရီနာမြို့မှာ ဗင်နီဇွဲလားငွေကြေး ဘိုလီဗာတွေကို သုံးစွဲခြင်းမရှိတော့ဘဲ ကိုလံဘီယာငွေကြေး ပီဆိုတွေကိုသာ သုံးစွဲလာကြတယ်လို့ သိရပါတယ်။

ဗင်နီဇွဲလား-ကိုလံဘီယာနယ်စပ်မြို့ဖြစ်တဲ့ ကူကူတာမြို့မှာ ဗင်နီဇွဲလားငွေစက္ကူတွေကို ပိုက်ဆံအိတ်၊ ခြင်းတောင်း၊ ပန်းအိုး၊ ဌက်၊ ကား၊ ဆိုင်ကယ်အစရှိတဲ့ လက်မှုပစ္စည်းတွေအဖြစ် တီထွင်ဖန်တီးရောင်းချနေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

“ဘယ်သူမှ ဗင်နီဇွဲလားငွေကြေး (ဘိုလီဗာ)တွေကို မလိုချင်ကြတော့ဘူး။ တစ်ခုခုဝယ်ချင်တယ်ဆိုရင် သူတို့မှာရှိတဲ့ ဘိုလီဗာတွေနဲ့ ဝယ်ဖို့ ပိုက်ဆံကမလောက်ဘူး။ ဒီတော့လူတိုင်းက ကိုလံဘီယာငွေ (ပီဆို)နဲ့ပဲ အရောင်းအဝယ်လုပ်လာကြတယ်။”လို့ လိမ္မော်သီးဖျော်ရည်ရောင်းတဲ့ မာကော့စ်ဗေဂါက ပြောပါတယ်။

“ဒီမှာလိမ္မော်သီးတွေကို ပီဆိုနဲ့ပဲရောင်းတယ်။ သကြားတွေ၊ ခွက်တွေကိုလည်း ပီဆိုနဲ့ပဲရောင်းတယ်။ အားလုံးက ပီဆိုပဲ သုံးတော့တယ်။”လို့ ၎င်းကဆက်ပြောပါတယ်။

“ကိုလံဘီယာမှာအလုပ်လုပ်ရင် တစ်ရက်ကို ပီဆို ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကြားရတယ်။ အဲ့ဒီမှာ အလုပ်လုပ်ရင်းရလာတဲ့ ငွေတွေနဲ့ ကိုယ်စားဖို့သောက်ဖို့ ဂျုံ၊ ဆန်၊ သကြား၊ နွားနို့၊ ဆီတွေကို ချက်ချင်းဝယ်နိုင်တယ်။ ဗင်နီဇွဲလားမှာ အလုပ်လုပ်ရင် ရတဲ့ လုပ်ခတစ်ရက်စာက ဆန်တစ်အိတ်တောင် မဝယ်နိုင်ဘူး။”လို့ ဖာနန်ဒို ဆီမန်တာက ပြောပါတယ်။

“ဗင်နီဇွဲလားငွေတွေက ဗင်နီဇွဲလားမှာ သုံးမရတော့ဘူး။ ကိုလံဘီယာမှာတော့ ကျွန်တော်တို့က အဲဒီဗင်နီဇွဲလားငွေတွေကို အိတ်တွေ၊ ခြင်းတွေ၊ ပိုက်ဆံအိတ်တွေ၊ ဌက်ရုပ်တွေလုပ်ပြီး ပြန်ရောင်းတယ်။”လို့ ကိုလံဘီယာမှာ လာရောက်နေထိုင်တဲ့ ဗင်နီဇွဲလားအမျိုးသား ဂျော့ကော်ဒယ်ရိုက ပြောပါတယ်။

The bolivar, Venezuela's currency, is disappearing at the border

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly