တက္ကသိုလ်ဝင်စာမေးပွဲကို အသက် ၇၃ နှစ်အရွယ်အဘိုးအိုက ၄ ကြိမ်မြောက် ဝင်ရောက်ဖြေဆိုမည်

တက္ကသိုလ်ဝင်စာမေးပွဲကို အသက် ၇၃ နှစ်အရွယ်အဘိုးအိုက ၄ ကြိမ်မြောက် ဝင်ရောက်ဖြေဆိုမည်

မန္တလေး၊ ဖေဖော်ဝါရီ ၂၁ ။         ။ မန္တလေးမြို့မှ အသက် ၇၃ နှစ်အရွယ်ရှိ ဦးစိုင်းအောင်ညွှန့်က ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက် ဖြေဆိုရန်အတွက် ဖြေဆိုခွင့်လက်မှတ် ရယူခဲ့ပြီဟု ကာယကံရှင်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော့သား သြစတြေးလျနိုင်ငံမှာ MBA ဘွဲ့သွားယူတဲ့အချိန်မှာ သက်တူရွယ်တူတွေက ဘွဲ့ယူနေတာကို တွေ့တဲ့အတွက် စိတ်အားထက်သန်လာခဲ့ပါတယ်၊ ဒါပေမယ့် အရင်က ဖြေဆိုခဲ့တဲ့စာတွေနဲ့ မတူတဲ့အတွက် ကြိုးစားနေတာကြောင့် ဒီနှစ်မှာတော့ ဖြေဆိုသွားမှာ ဖြစ်ပါတယ်၊ ဒီ စာမေးပွဲကို အောင် အောင် ဖြေဆိုမယ်၊ အောင် ရင် နိုင်ငံခြားဘာသာတက္ကသိုလ်ကို တက်ရောက်ချင်ပါတယ်၊ တက်ဖို့လည်း မျှော်လင့်ချက်ထား ထားပါတယ်” ဟု ဦးစိုင်းအောင်ညွှန့်က ပြောသည်။

၁၉၄၆ ခုနှစ်တွင် မွေးဖွားခဲ့သော ဦးစိုင်းအောင်ညွှန့်မှာ အသက် ၁၈ နှစ် အရွယ်မှ စတင်ကာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ထိုမှ ကြားကာလများတွင် ၂ ကြိမ်ဖြေဆိုခဲ့ကြောင်း သိရသည်။

ယခုအခါ အိမ်၏ စီးပွားရေးအခြေအနေမှာလည်း ကောင်းမွန်ကာ အသက်မသေခင် လုပ်ဆောင်ချင်သည့် ကိစ္စတစ်ခု ဖြစ်သောကြောင့် ယခုကဲ့သို့ ၄ ကြိမ်မြောက်အဖြစ် ဖြေဆိုရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိုင်းအောင်ညွန့် စာမေးပွဲဖြေမည့်အကြောင်း လူမှုကွန်ရက်ပေါ်တွင် လူပြောများနေပြီး လူအများစုက ချီးကျူး ပြောဆိုနေကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲမှာ လာမည့် မတ်လ ၆ ရက်နေ့မှ စတင်ကာ မတ် ၁၅ ရက်နေ့အထိ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရန်အတွက် ခုံနံပါတ်(မနတ) ၅၃၄ ဖြစ်ကာ မန္တလေးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ စာစစ်ဌာနတွင် ဖြေဆိုသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly