အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို ငါးလအတွင်း အပြီးလုပ်ဆောင်ရန် လျာထား

အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို ငါးလအတွင်း အပြီးလုပ်ဆောင်ရန် လျာထား

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၀ ။         ။ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ကို ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည့်အစီရင်ခံစာကို ငါးလအတွင်း အပြီးလုပ်ဆောင်ရန် လျာထားသည်ဟု ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောသည်။

“ကျွန်တော်တို့ လေးလကို Target ထားပြီး လှုပ်ရှားမယ်။ အမှန်ကတော့ ငါးလပဲ။ သို့သော် လူးသာ လွန့်သာ ရှိအောင် Advantage ခေါ်တာပေါ့။ နည်းနည်းယူထားတယ်။ လေးလနဲ့ အပြီးလုပ်မယ်။ လျာထားတာကတော့ ငါးလ။ သို့သော် တစ်စုံတစ်ရာ ပြောင်းလဲလို့ရှိရင် တစ်ရက်၊ နှစ်ရက်က စပြီး ပြောင်းသွားနိုင်တယ်၊ တိုးသွားနိုင်တယ် ။ ငါးလကို ဆွဲထားရင် ငါးလနဲ့မပြီးလိုက်ရင် တစ်ရက်၊ နှစ်ရက် ရွှေ့လို့ပြုလို့မရဘူးဖြစ်တဲ့အခါကြတော့ Advantage လဝက်လောက် ယူထားမယ်။ လေးလခွဲမှာ အပြီး အလုပ် လုပ်မယ်ပေါ့။ လျာထားတာတော့ ငါးလပေါ့ ”ဟု ဦးအောင်ကျော်ဇံက ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပူးပေါင်းကော်မတီအစည်းအဝေးအပြီးတွင် ပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်း အဝေးမှ စတင်ကာ ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်မီ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအပြည့်အစုံကို တင်သွင်းရမည် ဖြစ်သည်။

ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်လုံးတွင် နေရာရထားသည့် အချိုးအစားအရ အာဏာရ NLD ပါတီမှကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ ကျန်ပါတီများအသီးသီးမှ ကိုယ်စားလှယ်များ အပါ အဝင် တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် က အတည်ပြုထားသည်။

ယင်း အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ်များမှ တက်ရောက်ရန် အမည်စာရင်း ပေးသွင်းထားခြင်း မရှိခဲ့ပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၂ ဦး အစည်းအဝေး တက်ရောက်ရန် လာခဲ့သော်လည်း တက်ရောက်ခွင့်မပြုခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ပြောသည်။

“စာရင်းကို ပေးလိုက်တယ် ကျွန်တော်တို့ ၂ ယောက်။ ဒီနေ့ ပေးပါ ။ ဒီနေ့ ပေးမယ်။ နာမည်စာရင်း လည်း ဒီနေ့ ပေးမယ် ။ ဒါပေမယ့် စာကတော့ နောက်က လိုက်လာလိမ့်မယ်။ အခုလည်းကျရော၊ နောက်ဆုံးလည်းကျရော ဒီနေ့က အင်ထရိုပဲ လုပ်တဲ့အတွက်ကြောင့် ဆရာတို့ မတက်ပါနဲ့ဦး။ တရားဝင်ဖွဲ့စည်းမှု မရှိသေးဘူး။ ကျွန်တော်တို့က မတက်တော့ဘူး တော်ပြီ”ဟု ၄င်းက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တေ်ာ၊ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်များအနေဖြင့် တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်အတွက် လာရောက် တက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဘက်ကမူ တက်ရောက်ရန် အမည်စာရင်းပေးဖို့ နောက်ကျခဲ့ပြီး ၊ တက် ရောက်မည့်လူစာရင်းကို အတိအကျပေးပြီးပါက ပြည်ထောင်စုလွှတ်တော်နာယက က အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ဆက်လက်လုပ်ဆောင်မည့် အစည်းအဝေးများသို့ တက်ရောက်ရမည်ဖြစ်ကြောင်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

“အဲ့တော့ ပါတီအလိုက် ထိုင်ခုံချန်ပေးထားတယ်ဆိုပေမယ့် အဲ့ ဒီထိုင်ခုံတွေ အတွက်ကတော့ လူဦးရေ စာရင်းဟာ ပြည်ထောင်စုလွှတ်တော်ရုံးကို အတိအကျ ပေးပို့ရမှာဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက တော့ ဒီနေ့ ၂ ဦး တက်မယ်။ နောက်နေ့ နောက် ၂ ဦး တက်မယ်။ နောက်နေ့ကျရင် နောက် ၂ ဦး တက််မယ်။ မရပါဘူးခင်ဗျာ။ မရပါဘူး။ ဒါက ပါတီတိုင်း ၊ အစု အဖွဲ့တိုင်းဟာ အမိန့်ကြော်ငြာစာ ကို နောက်ဆက်တွဲ ပြန်ထုတ်ပေးမှာပါ။ ပြန်ထုတ်ပေးပြီးရင်လည်း တနင်္လာနေ့ ၂၅ ရက်၊ နေ့လယ် ၁ နာရီ မှာ ကျင်းပမယ့် အစည်းအဝေးမှာဆိုရင်တော့ လွှတ်တော်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးပါတီ ၁၄ ခုလုံး ဆုံပြီပေါ့ဗျာ ။ အလွန်ဝမ်းသာပါတယ်”ဟု ၄င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly