ဘင်္ဂလားဒေ့ရှ်မှာ လူနေတိုက်ခန်းတွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၅၆ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်မှာ လူနေတိုက်ခန်းတွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၅၆ ဦး သေဆုံး

ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ။               ။      ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရဲ့ မြို့ဟောင်းအရပ်မှာ လူနေတိုက်ခန်းတွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၅၆ ဦး သေဆုံးကြောင်း မီးသတ်တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဓာတုဗေဒကုန်လှောင်ရုံပါ တွဲရှိနေတဲ့ အဲဒီ တိုက်ခန်းတွဲတွေ မီးလောင်မှုမှာ ပိတ်မိနေသူလည်း ဒါဇင််များစွာ ရှိနေပြီး ကျဉ်းမြောင်းတဲ့ လမ်းအခြေအနေမှာ ပိတ်ဆို့မှုတွေ ရှိနေတာကြောင့် ကယ်ထုတ်နိုင်ရေးအတွက် မတတ်နိုင်ဘဲ ရှိနေပါတယ်။

ဓာတုဗေဒပစ္စည်းတွေ၊ body sprays တွေနဲ့ ကော်စေ့စတဲ့ မီးလောင်အရမ်းလွယ်တဲ့ ပစ္စည်းတွေကြောင့် မီးတောက်ဟာ အလျှံတစ်ညီးညီး တောက်လောင်နေပါတယ်။

သေဆုံးသူဦးရေ ထပ်တိုးလာဖို့ပဲ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်မီးသတ်ဌာန အကြီးအကဲ အလီအာမတ်က ပြောပါတယ်။

“သေဆုံးသူ ရုပ်အလောင်းတွေ ထပ်တိုးလာနိုင်ခြေ ရှိပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတုန်းပဲ ဖြစ်ပါတယ်။”လို့ အလီအာမတ်က ဆိုပါတယ်။

ဒါကာမြို့ဟောင်းက ချော့ဘာဇာအရပ်မှာ အခု မီးလောင်မှု ဖြစ်ပွားတာ ဖြစ်ပြီး ဂတ်စ်အိုးပေါက်ကွဲရာကနေ ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ အဆောက်အအုံဆီထိ ကူးစက်ပြီး မီးလောင်ကျွမ်းတာဖြစ်တယ်လို့ အာမတ်က ပြောပါတယ်။

ဒီ မီးလောင်မှုမှာ ဒဏ်ရာရသူပေါင်း ၄၅ ဦးအထိ ရှိပြီး လေးဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းတွေကို ရှာဖွေတဲ့ လူရာပေါင်းများစွာဟာလည်း ဆေးရုံမှာ အလုအယက်ပြေးလွှားရှာဖွေလျက် ရှိနေပါတယ်။

၂၀၁၀ ခုနှစ်တုန်းကလည်း ဒါကာမှာ ဓာတုဗေဒပစ္စည်းတွေ သိုလှောင်တဲ့ အဆောက်အအုံဟောင်းတစ််လုံး မီးလောင်ရာမှာ လူပေါင်း ၁၂၀ အထိ သေဆုံးခဲ့ပြီး ဒါကာမှာ အဆိုးဝါးဆုံး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly