ရန်ကုန်-မော်လမြိုင် ရထားများတွင် ခေတ်မီစက်ခေါင်းနှင့် တွဲသစ်များ တပ်ဆင်မည်

ရန်ကုန်-မော်လမြိုင် ရထားများတွင် ခေတ်မီစက်ခေါင်းနှင့် တွဲသစ်များ တပ်ဆင်မည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ။            ။ မော်လမြိုင်-ရန်ကုန် ပြေးဆွဲလျက်ရှိသော အစုန်၊ အဆန် ရထားတွဲများတွင် ခေတ်မီစက်ခေါင်းသစ်များ ၊ တွဲသစ်များဖြင့် အစားထိုးတပ်ဆင်ပေးနိုင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

“လက်ရှိအချိန်တွင် စက်ခေါင်းသစ်(၇)ခေါင်း တပ်ဆင်ထုတ်လုပ်ပြီး အသုံးပြုနေပြီဖြစ်သကဲ့သို့ နောက်ထပ် စက်ခေါင်းသစ် (၃) ခေါင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ထုတ်လုပ်ပြီးမှာဖြစ်၍ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ပြေးဆွဲအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် စက်ခေါင်းသစ်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)တွင် မြင်းကောင်ရေ ၂၀၀၀ အား၊ တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းအထိ ပြေးဆွဲနိုင်သောစက်ခေါင်းသစ်များကို တပ်ဆင်ထုတ်လုပ်နေခြင်း ဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တေ်ာတွင်း မွန်ပြည်နယ် မဲဆန္ဒနယ်၊ အမှတ် (၁)မှ အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဦးအေးမင်း မေးမြန်းခဲ့သည့် “မော်လမြိုင်-ရန်ကုန် မီးရထား သံလမ်း အဆင့်မြှင့်တင်မှုကို အမြန်ဆုံး ပြီးဆုံးအောင် ဆောင်ရွက်ပေးရန်နှင့် မီးရထားလမ်းတစ်လျှောက် ကြံ့ခိုင်မှု မရှိတော့သည့် တံတားများကို ပြုပြင်ပေးရန်၊ ခေတ်မမီတော့သည့် ရထားတွဲများ၊ မီးရထားစက်ခေါင်းများနှင့် နေရာတွင် ခေတ်မီစက်ခေါင်းသစ်များ၊ တွဲများဖြင့် ပြောင်းလဲပြေးဆွဲပေးရန်နှင့် မီးရထား လက်မှတ်များကို လွယ်ကူလျှင်မြန်စွာဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ရှိ၊ မရှိ”မေးခွန်းအပေါ် ဒုဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အလားတူ တွဲဆိုင်းသစ်များကိုလည်း တရုတ်နိုင်ငံချေးငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ခေတ်မီလေအိတ်ပါ ရိုးရိုးတန်း တွဲသစ်(၁၅)တွဲကို တည်ဆောက်ရန် ဘဏ္ဍာငွေခွင့်ပြုချက် ရရှိထားပြီးဖြစ်ရာ တင်ဒါခေါ်ယူခြင်း လုပ်ငန်းများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည်။

“မြန်မာ့မီးရထား၏ လူစီးတွဲနှင့် ကုန်တင်တွဲစက်ရုံ(မြစ်ငယ်)တွင် တွဲတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် စတင်မှာ ဖြစ်ပြီး ဒီဇင်ဘာလတွင် ပြီးစီးမည်ဟု ခန့်မှန်းလျာထားပါတယ်။ အဆိုပါ ရိုးရိုးတန်း တွဲ (၁၅) တွဲအနက်မှ (၄)တွဲကို စားသောက်တွဲများအဖြစ် တည်ဆောက်သွားမှာဖြစ်ပြီး ရိုးရိုးတန်း (၁၁) တွဲကို ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မီးရထားခုတ်မောင်းကြာချိန် ၉ နာရီခန့်ရှိသော ယင်းရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ ကြံ့ခိုင်မှုမရှိသည့် တံတား များကို လက်ရှိတွင် ပြန်လည်ပြင်ဆင်နေသည်ဟု သိရသည်။

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် အစုန်၊ အဆန် နှစ်လမ်းသွားလာနိုင်သည့် ဒွေးလမ်း(၄၆.၅)မိုင်၊ အစုန် တစ်လမ်းတည်းသွားလာနိုင်သည့် ပဲခူးနှင့် မော်လမြိုင်ကြား(၁၃၀.၂၅)မိုင် စုစုပေါင်း (၁၇၆.၇၅)မိုင် ရှည်လျားပြီး ဘူတာ(၃၆)ဘူတာ ၊ အဆန်(၃)စင်း၊ အစုန်(၃)စင်းတို့ဖြင့် နေ့စဉ်သွားလာလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly