လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စအတွက် တရားစွဲခံထားရသူများကို အမှုအားလုံးရုတ်သိမ်း

လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စအတွက် တရားစွဲခံထားရသူများကို အမှုအားလုံးရုတ်သိမ်း
 Photo - Kayan New Generation Youth - KNGY

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။            ။ ကယားပြည်နယ် (ကရင်နီ ) တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့်ပတ်သက်၍တရားရင်ဆိုင်နေရသည့် လူငယ် (၅၅) ဦးကို လွိုင်ကော်မြို့နယ်တရားရုံးမှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်အမှုအားလုံး ရုတ်သိမ်းပေးခဲ့ကြောင်း ကရင်နီပြည်လူငယ်အင်အားစုမှ ကိုဒီးဒီး ပြောသည်။

 ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးအတွက် ကန့်ကွက်ဆန္ဒပြခဲ့သော ဆန္ဒပြလူငယ် ၅၅ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉၊ ၂၀ အမှုတို့ဖြင့်အမှုဖွင့်ခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အဆိုပါကိစ္စအတွက် နှစ်ဖက်ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး သဘောတူညီချက်များအရ အစိုးရဘက်မှ လိုက်လျောပေးခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း ၄င်းကဆိုသည်။

 “ တရားသူကြီးကနေပြီးတော့ အမှုစွဲဆိုတဲ့အဖွဲ့အစည်းက တရားစွဲဆိုမှုကိုဆက်လက် မလုပ်ဆောင်နိုင်တဲ့ အတွက် အမှုကိုရုပ်သိမ်းလိုက်တယ်ဆိုတဲ့အမိန့် ချလိုက်တာပေါ့” ဟု ကိုဒီးဒီးကပြောသည်။

ဆွေးနွေးမှုများထဲမှ သဘောတူညီမှုများတွင် အဓိကအချက်အနေဖြင့် အမှုရုပ်သိမ်းရန်၊ ထို့အပြင် ဗိုလ်ချုပ် ကြေးရုပ်ရွေ့ပြောင်းရန်၊ ရွှေ့ဆိုင်းမှုမဖြစ်ပါက ပင်လုံကတိကဝတ် ကျောက်စာ ထားရှိပေးရန်၊ ဆွေးနွေး နေစဉ်အတွင်း ထောက်ခံသည့်လူအပြင် ကန့်ကွက်သူများကပါ ဆန္ဒပြမှုများမပြုလုပ်ရန် တို့ပါဝင်ကြောင်း သိရ သည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြေးရုပ်နေရာရွှေ့ရန်ကိစ္စကို ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ကိုဒီးဒီးကဆိုသည်။

အလားတူ ဖေဖော်ဝါရ်ီလ ၁၅ ရက်နေ့တွင်လည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ)ဖြင့် တရားစွဲဆိုထားသည့် ကရင်နီလူငယ် ၉ ဦး၏ အမှုကို ဒီးမော့ဆိုတရားရုံးမှ ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကရင်နီပြည် လူငယ်များ အင်အားစုမှ ရင်ဆိုင်နေရသည့် အမှုများအားလုံးကို အာဏာပိုင်ဘက်မှ ရုတ်သိမ်းလိုက်ပြီး ဖြစ်သည်။

 ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုစိုက်ထူမှုနှင့် ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်လ်ရှိုးနှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား နှုတ်ထွက်ပေးရန် လွိုင်ကော်မြို့၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လူဦးရေရာနှင့်ချီပြီး လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဆန္ဒပြသူအချို့ ရာဘာကျည်ဖြင့် ပစ်ခတ်ကာဖြိုခွင်းမှုများ ရှိခဲ့သည်။

 ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို ခန္တီးမြို့တွင်လည်း ကန့်ကွက်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သင်္ဘော ဆေးလောင်းခံရမှု ဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required