ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်း ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ ဂီတ ဖျော်ဖြေပွဲလုပ်မည်

ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်း ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ ဂီတ ဖျော်ဖြေပွဲလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁ ။ ။ ခိုင်နှင်းဝေ ပရဟိတ လူငယ်များ အဖွဲ့နှင့် ရှင်သန်းရေးကူညီမှုအသင်းတို့ ပူးပေါင်းတင်ဆက်မည့် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာ ဖျော်ဖြေပွဲကြီးကို အောက်တိုဘာ ၁၀ရက်တွင် သုဝဏ္ဏမိုးလုံလေလုံကစားကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။

ထိုဂီတဖျော်ဖြေပွဲကို သဘာဝ ဘေးဒဏ်သင့် ချင်းပြည်နယ်ပြည်သူများနှင့် ဧရာဝတီတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အလှူ အတွက် ခိုင်နှင်းဝေ ပရဟိတ လူငယ်များ အဖွဲ့နှင့် ရှင်သန်းရေး ကူညီမှုအသင်းတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

သရုပ်ဆောင် ခိုင်နှင်းဝေက "အဲဒီ နှစ်နေရာကို အရင် သွားလှူမယ်။ ပြီးတဲ့အခါ ကျန်တဲ့ ဒေသတွေကို ရှင်သန်းရေး ကူညီမှုအသင်းက ဦးထွန်းထွန်းဦး တို့နဲ့ တိုင်ပင်ပြီး ကျန်တဲ့ဒေသတွေကိုလည်း သွားလှူမှာပါ။ အခု လိုအပ်နေတာက ချင်းပြည်နယ်မှာက အိမ်ထောင်စု သုံးထောင်ကျော် လိုအပ်နေတယ်။ အဲဒီအတွက် ရည်ရွယ်ပြီး လုပ်တာပါ။ ချင်းပြည်နယ်မှာ ပြည့်စုံသွားပြီဆိုရင် ဧရာဝတီတိုင်းဘက်မှာ သွားလှူမယ်" ဟု မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာ ဖျော်ဖြေပွဲတွင် ရုပ်ရှင်ဘက်မှ သရုပ်ဆောင် ပြေတီဦး၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ ဖြိုးငွေစိုး၊ နေယံ၊ မိုးယံဇွန်၊ ကောင်းပြည့်၊ သူရိယ၊ မေသဉ္ဇာဦး၊ စုလှိုင်နှင်း၊ မြတ်ကေသီအောင်၊ ခင်ဇာခြည်ကျော်၊ စိုးမြတ်နန္ဒာ၊ ခိုင်နှင်းဝေ၊ မေကဗျာ၊ ဝိုင်းစုခိုင်သိန်း၊ ချောရတနာ၊ ဝတ်မှုံရွှေရည်၊ ဖူးဖူး၊ အိချောပို၊ ခင်ဝင့်ဝါ၊ ယုသန္တာတင်၊ သွန်းဆက်၊ နန်းဆုဦး၊ ထားထက်ထက်၊ သန္တာဗို၊ ရတနာဗိုတို့ ပါဝင်ကြမည် ဖြစ်သည်။

သဘင် ဖျော်ဖြေမှုအနေဖြင့် မြို့ရွှေမန်းသား ဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင်၊ ဂိင်းနီ(ဟန်နွေညိမ်း) တို့မှ တင်ဆက် ကြမည် ဖြစ်သည်။

ဂီတဖျော်ဖြေမှုအနေဖြင့် ထွန်းထွန်း(Examplez)၊ ရိန်မိုး၊ အစ္စဏီ၊ ဉာဏ်လင်းအောင်၊ သားကြီး၊ အားမီ၊ ရွှေရည်သိန်းတန်၊ မေစံပယ်ညို၊ ထွန်းရတီ၊ ချယ်ရီတို့မှ ဖျော်ဖြေကြမည် ဖြစ်သည်။

အနုပညာရှင်များ၏ ဖျော်ဖြေမှုအတွက် ဒါရိုက်တာ သားကြီး၊ ဂီတမှူး သျှန်ထွဏ်း(မြန်မာစာ)၊ ဆိုင်း အနေဖြင့် မြန်မာပြည်ကျောက်စိမ်းတို့မှ တီးခတ်ပေးကြမည် ဖြစ်သည်။ လက်မှတ်များကို တစ်စောင်လျှင် သုံးသောင်းကျပ်၊ နှစ်သောင်းကျပ်၊ ငါးထောင်ကျပ် ဖြင့် သတ်မှတ်ထားသည်။

ထို ဂီတဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများကို ခိုင်နှင်းဝေ ပရဟိတ လူငယ်များ အဖွဲ့နှင့် ရှင်သန်းရေးကူညီမှု အသင်းတို့မှ အောက်တိုဘာ ၁၆ရက်တွင် သဘာဝ ဘေးဒဏ်သင့် ချင်းပြည်နယ်ပြည်သူများနှင့် ဧရာဝတီတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် သွားရောက် လှူဒါန်းကြမည် ဖြစ်သည်။

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly