ယောက္ခမနှင့် သမက် အရက်အတူသောက်ရင်း စကားများရာက လူသတ်မှု ဖြစ်ပွား

ယောက္ခမနှင့် သမက် အရက်အတူသောက်ရင်း စကားများရာက လူသတ်မှု ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ။         ။ မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ် အုတ်ဖိုကျေးရွာတွင် ယောက္ခမနှင့် သမက် အရက်အတူသောက်ရင်း စကားများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ပြီး သမက်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အုတ်ဖိုကျေးရွာတွင် နေထိုင်သော ဒေါ်တင်ညိုသည် နေအိမ်တဲတွင် သားဖြစ်သူ အသက် (၂၆)နှစ်အရွယ်ရှိ မြတ်တိုး၊ ချွေးမဖြစ်သူ မလင်းလင်းအောင်တို့နှင့်အတူရှိနေစဉ် မလင်းလင်းအောင်၏ ဖခင်ဖြစ်သူ အသက်(၅၁) နှစ် အရွယ်ရှိသော ဦးရွှေဦး နှင့် ဦးမြင့်ခိုင်ဆိုသူတို့ရောက်ရှိလာပြီး မြတ်တိုးနှင့်အတူ အရက်သောက်ရာမှ ရန်ပွဲကိုအစ ပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဦးရွှေဦးနှင့် မြတ်တိုးတို့သည် စကားများရန်ဖြစ်ခဲ့ပြီး ဝိုင်းဝန်း ဖျန်ဖြေမှုကြောင့် နောက်ဆုံးတွင် ဦးရွှေဦးနှင့် မြင့်ခိုင်တို့မှာ ပြန်သွားခဲ့ကြောင်းသိရသည်။

ယင်းနောက် ဦးရွှေဦးသည် ချောင်းအနီးမှနေ၍စိန်ခေါ်နေသဖြင့် မြတ်တိုးမှာ လှေခါးဆံ (၂)ချောင်းကိုင်၍ ဦးရွှေဦး နောက်သို့လိုက်သွားခဲ့ရာ ဦးရွှေဦးသည် ခြုံပုတ်အတွင်းမှ ထွက်လာပြီး ဝါးလုံးဖြင့်ရိုက်၍ လုံးထွေး သတ်ပုတ်နေခဲ့ကြသည်။ထိုရန်ပွဲကို ဖျန်ဖြေရန်အတွက် မြတ်တိုး၏ မိခင်ဖြစ်သော ဒေါ်တင်ညိုမှ လူခေါ်ရန် ထွက်သွားခဲ့ပြီး၊ ခဏအကြာတွင် သားဖြစ်သူ မြတ်တိုးအား စိတ်မချ၍ ပြန်လှည့်လာခဲ့ရာ လမ်း၌ ဦးရွှေဦးနှင့် မလင်းလင်းအောင်တို့အား တွေ့ရှိရပြီး ရန်ပွဲပြီးသွားခဲ့ကြောင်း ပြောဆိုသဖြင့် ဦးရွှေဦး၏နေအိမ်တဲသို့ လိုက် သွားကာ ညအိပ်ခဲ့ကြောင်း၊ ဦးရွှေဦးမှ အရိုးအသွား(၂၁)လက်မခန့်ရှိ ဓားမ(၁)ချောင်းအား မြတ်တိုး ယူဆောင်လာသည်ဟု ပြောဆိုကာ ပေးအပ်ခဲ့သဖြင့် ဒေါ်တင်ညိုမှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဒေါ်တင်ညိုမှ ဦးရွှေဦး၊ မလင်းလင်းအောင်တို့နှင့်အတူ လုံးထွေးသတ်ပုတ်သည့် နေရာသို့ သွားကြည့်ရာ  မြတ်တိုးမှာ အဆိုပါနေရာ၌ ဒဏ်ရာများရရှိသေဆုံး နေသည်ကို တွေ့ရှိခဲ့သည်။

ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး သေဆုံးသူ၏ ဇနီးဖြစ်သူ မလင်းလင်းအောင်မှ ၎င်းတို့ လက်လွန်သွားပြီဟု ပြောဆိုနေသောကြောင့် အရေးယူပေးရန်တိုင်တန်း ချက်အရ ဦးရွှေဦးနှင့် မလင်းလင်းအောင်တို့(၂)ဦးအား ဆောမြို့မရဲစခန်း(ပ)၂၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly