ဘိုင်ယန်နဲ့ ပွဲရလဒ်က စိတ်ကူးယဉ်ထားခဲ့တဲ့ ရလဒ်မျိုးမဟုတ်ပေမယ့် နောက်တစ်ဆင့် တက်ဖို့ ယုံကြည်နေတဲ့ ကလော့ပ်

ဘိုင်ယန်နဲ့ ပွဲရလဒ်က စိတ်ကူးယဉ်ထားခဲ့တဲ့ ရလဒ်မျိုးမဟုတ်ပေမယ့် နောက်တစ်ဆင့် တက်ဖို့ ယုံကြည်နေတဲ့ ကလော့ပ်
Photos: AFP & EPA

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အင်္ဂါနေ့က ပြိုင်ဘက်ဟောင်း ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ရာမှာ ဂိုးမရှိသရေရလဒ်ဟာ စိတ်ကူးယဉ်ထားခဲ့တဲ့ ရလဒ်မျိုးမဟုတ်ပေမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ ယုံကြည်ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်တိုက်စစ်ကစားသမား မာနေ အပိုင်အခွင့်အရေးတွေစ်ခုကို အသုံးမချနိုင်ပဲ ဖြုတ်တီးပစ်ခဲ့သလိုဖြစ်တာကြောင့် လီဗာပူးလ်အသင်းကို နစ်နာစေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ မတ်လ ၁၃ ရက်မှာ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့က အဆုံးအဖြတ်ဖြစ်စေမှာဖြစ်ပါတယ်။

ဒါပေမယ့် အဓိကနောက်ခံလူ ဗန်ဒိုက် ပွဲပယ်ခံထားရလို့ မပါဝင်တဲ့အပြင် ဂျိုးဂိုမက်ဇ်နဲ့ လိုဗန်တို့လည်း ဒဏ်ရရှိနေတဲ့ကြားက လီဗာပူးလ်အသင်းဟာ ဘရာဇီးလ်ကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘင်ဟိုနဲ့ ဂျိုးလ်မာတီတို့ကို အတွင်းနောက်ခံလူနေရာမှာ ပြောင်းကစားစေခဲ့ပေမယ့် ဘိုင်ယန်အတွက် အဝေးဂိုး မရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

"ဒါဟာ ကျနော်တို့ စိတ်ကူးယဉ်ထားတဲ့ ရလဒ်မျိုး၊ ပွဲမျိုးတော့ မဟုတ်ပါဘူး။"လို့ ကလော့ပ်က ပြောပါတယ်။ "နောက်နှစ် ၃၀ လောက်အတွင်းမှာပဲ ကျနော်တို့ ဒီပွဲကို သတိရကြတော့မှာမဟုတ်ပါဘူး။ ကျနော်တို့ ရရှိထားတဲ့ ရလဒ်နဲ့ပဲ ဆက်ပြီး လုပ်ဆောင်သွားမှာပါ။"

"ဒီရလဒ်ဟာ ဗန်ဒိုက်မပါဘဲ ဂိုးမပေးခဲ့ရတဲ့ပွဲဖြစ်ခဲ့တယ်။ လူအများက ဒါကို မျှော်လင့်ခဲ့လိမ့်မှာမဟုတ်ပါဘူး။ ခံစစ်ကစားပုံဟာ ကောင်းမွန်ခဲ့တယ်။ အရာတော်တော်များများဟာ တကယ်ကောင်းမွန်ခဲ့တာပါ။ ကျနော်ကတော့ ပျော်ရွှင်မနေပေမယ့် ဒီပွဲအတွက် လုံးဝ အဆင်ပြေပါတယ်။"

ဒါ့အပြင် လီဗာပူးလ်အသင်းဟာ နောက်ဆုံးအဆင့်ဖြတ်တင်ဘောတွေမှာ ကောင်းမွန်ထိရောက်မရှိခဲ့ဘဲ ပြဿနာအများကြီးရှိနေတယ်လို့ သူက ဆိုပါတယ်။

"ဒီနေ့မှာ နောက်ဆုံးအဆင့်ဖြတ်တင်ဘော ၁၀ ကြိမ်၊ ၁၂ ကြိမ်လောက် အထိရရှိခဲ့ပါတယ်။ ကောင်းမွန်ခဲ့ခြင်း မရှိလို့ ကျနော်တို့အတွက် ပိုခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်ကောင်းမွန်ခဲ့မယ်ဆိုရင် ကျနော်တို့ ပိုကောင်းပြီး ကစားနိုင်မှာဖြစ်သလို ပိုပြီး ကောင်းအောင် ကစားပါလိမ့်မယ်။"လို့ ကလော့ပ်က ပြောပါတယ်။

ဘိုင်ယန်မြူးနစ် နည်းပြ နီကို ကိုဗက်ကတော့ "အန်ဖီးလ်ကွင်းမှာ ဂိုးမပေးရတဲ့ အသင်းများများစားစား မရှိပါဘူး။ လီဗာပူးလ်အသင်းဟာ ကစားပုံအတော်လေးကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ကျနော်အသင်းအနေနဲ့ ခံစစ်ကစားခဲ့ရပြီး နောက်တန်းမှာပဲ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့ တစ်ဂိုးမှ မသွင်းခဲ့ပေမယ့် တစ်ဂိုးမှတော့ ပြန်ခွင့်မပြုခဲ့ရပါဘူး။ ကျနော်တို့ဟာ အိမ်ကွင်း ပရိသတ် ၇၅၀၀၀ ရဲ့ ရှေ့မှောက်မှာ ကစားသွားရမှာဆိုတာ့ အိမ်ကွင်းအားချက်ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ပေးဂိုးခွင့်ပြုလိုက်ရရင်တော့ အနိုင်ရဖို့ ကစားသွားရမယ်ဆိုတာ သိထားပါတယ်။"လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလားမှာ စောစီးစွာ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် ဘိုင်ယန်နဲ့ အဝေးကွင်းပွဲအတွက် ပြင်ဆင်ချိန် ၁၀ ရက်လောက် ရှိပြီး လန်းဆန်းတဲ့ပုံစံနဲ့ အနိုင်ရဖို့အတွက် ပြိုင်ဘက်ကို ဖိအားပေးနိုင်ဖွယ်ရှိပါတယ်။

ဒါပေမယ့် ကလော့ပ်ရဲ့ ကစားသမားတွေဟာ ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲအပါအဝင် အန်ဖီးလ်ကနေ သွားရောက်ကစားတဲ့ အဝေးကွင်းပွဲစဉ် နောက်ဆုံး ၅ ပွဲစလုံးကို အရေးနိမ့်ထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly