ရုရှရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ရောက်လာတော့မယ်လို့ ဗင်နီဇွဲလား သမ္မတ ကြေညာ

ရုရှရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ရောက်လာတော့မယ်လို့ ဗင်နီဇွဲလား သမ္မတ ကြေညာ

ကရာကတ်စ်၊ ဖေဖော်ဝါရီ ၁၉ ။             ။ ရုရှနိုင်ငံက လူသားချင်းစာနာထောက်ထားရေးအကူအညီ တန်ချိန် ၃၀၀ ရောက်ရှိလာတော့မယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားစစ်တပ်ကို အတိုက်အခံခေါင်းဆောင် ဂွါဒိုကို လက်ခံဖို့ တိုက်တွန်းလိုက်တာကို မာဒူရိုက တုံ့ပြန်ရင်း နိုင်ငံရဲ့ လက်နက်ကိုင်အင်အားစုတွေဟာ တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

စီးပွားရေးအကျပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံဆီ အတိုက်အခံခေါင်းဆောင် ဂွါဒိုရဲ့ အကူအညီတောင်းခံမှုနဲ့ အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေဟာ ကိုလံဘီယာနယ်စပ်မှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

စားနပ်ရိက္ခာတွေ လိုအပ်နေကာ ဆေးရုံတွေမှာလည်း ဆေးဝါးပြတ်လပ်မှုတွေ ကြုံနေတဲ့ နိုင်ငံတွင်း အကူအညီတွေ ဝင်ရောက်မှာကို မတားမြစ်ဖို့ စစ်တပ်ကို ဂွါဒိုက သတိပေးထားပါတယ်။

မာဒူရိုကတော့ အမေရိကန်ရဲ့ အကူအညီတွေဟာ ကျုးကျော်မှုအတွက် လမ်းစဖြစ်တယ်ဆိုကာ လက်ခံခြင်းမရှိဘဲ ခုအခါမှာ ရုရှဆီက အကူအညီတွေ ရောက်လာတော့မယ်လို့ ကြေညာလာတာပဲ ဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဂွါဒိုက ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာပြီး အနောက်နိုင်ငံအများစုကလည်း အသိအမှတ်ပြုထားရာ နိုင်ငံရေးချောင်ပိတ်နေတဲ့ အနေအထား ဆိုက်ရောက်လို့ နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly