စိုက်ပျိုးသီးနှံများကို ခိုင်မာသည့်စျေးနှုန်းဖြင့် ရောင်းချနိုင်ရန် အသိပညာပေးခြင်း ပြုလုပ်

စိုက်ပျိုးသီးနှံများကို ခိုင်မာသည့်စျေးနှုန်းဖြင့် ရောင်းချနိုင်ရန် အသိပညာပေးခြင်း ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ။            ။ မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာစိုက်ပျိုးသီးနှံများကို ခိုင်မာစျေးနှုန်းများဖြင့် ရောင်းချနိုင်ရန်အတွက် Agriculture Commodity Exchange (စိုက်ပျိုးရေး ကုန်စည်လဲလှယ်)စနစ်ဖြင့် လုပ်ဆောင်နိုင်ရန် အိန္ဒိယနိုင်ငံမှ လာရောက်ကာ အသိပညာမျှဝေခြင်း ပြုလုပ်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ Securities and Exchange Board of India-SEBI (india ၏အာမခံနှင့်လဲလှယ် ဘုတ်အဖွဲ့)တို့မှ တာဝန်ရှိသူများ၊ Meridian Group မှ တာဝန်ရှိသူများက အဆိုပါ စိုက်ပျိုးရေး ကုန်စည်လဲလှယ်)စနစ်ဖြင့် လုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ UMFCCIမှ ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“ကျွန်တေ်ာတို့က တောင်သူလယ်သမားတွေအနေနဲ့ ထုတ်လုပ်ရရှိတဲ့ စိုက်ပျိုးရေး၊မွေးမြူရေးထွက်ကုန်တွေကို ကျွန်တေ်ာတို့က ဒီရောင်းချတဲ့နေရာမှာ စျေးနှုန်းအားဖြင့်လည်း ခိုင်မာတဲ့စျေးကွက် ရရှိအောင်၊ စျေးနှုန်းလည်း ကောင်းကောင်း ရရှိအောင်၊ အရောင်းအဝယ် စနစ်တွေ မှန်ကန်လာအောင် နောက်တစ်ခုကတော့ ကြိုရောင်း ကြိုဝယ်စနစ်တွေကို တရားဝင် စနစ်တကျလုပ်နိုင်ဖို့အတွက်ဆိုရင် ဒီလိုမျိုး Commodity Exchange တွေက အရေးကြီးပါတယ်”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ထိုကဲ့သို့ စနစ် ပေါ်ပေါက်လာပါက လုပ်ငန်းရှင်များတွင်လည်း ကုန်ပစ္စည်းများကိုလက်ထဲတွင် ငွေရှိသလောက် သာ ဝယ်ယူခြင်းမရှိတော့ဘဲ ငွေတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း (သို့) ၂၀ ရာခိုင်နှုန်းကို ဝယ်ထားပြီး ပြန်ရောင်းနိုင် သောကြောင့် ဘဏ်ချေးငွေရသကဲ့သို့ အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု မြန်မာနိုင်ငံ ပဲ၊ နှမ်း ကုန်သည်များ အသင်း တွဲဖက်အတွင်းရေးမှူး ဦးသောင်းဟန်က ပြောသည်။

ထို့ပြင် နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့ရောင်းချသူများ(Exporters)များတွင်လည်း ကုန်ပစ္စည်းများကို စာချုပ် ကြိုချုပ်ကာ ဝယ်ယူရခြင်းမျိုး မရှိတော့သည့်အတွက် စျေးနှုန်းအတက်အကျများအပေါ်တွင် အန္တရာယ်ကင်းစွာဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

“အဲ့တော့ သူတို့က ချုပ်ပြီးပြီဆိုတာနဲ့ မဝယ်ထားဘူးဆိုရင်လည်း သူတို့မှာ အန္တရာယ်ရှိတယ်။ စျေးတက်သွားရင် ရှုံးဦးမယ်။ ဝယ်ထားပြန်တော့လည်း ငွေတွေက အိပ်နေပြီးတော့၊ အကျိုးအမြတ်ကလည်း ထင်သလောက် မရဘူး။ အဲ့လို အခြေအနေမျိုးမှာလည်း သူတို့က Exchange အပေါ်မှာ ဝယ်ထားမယ်။ ပြီးတော့ နီးတော့မှ တကယ် delivery ယူပြီး ပို့မယ်ဆိုရင်လည်း သူတို့လည်း ဘဏ်ချေးငွေ မယူဘဲနဲ့ သူတို့ လုပ်ငန်းတွေကို လည်ပတ်လို့ရမယ်”ဟု ဦးသောင်းဟန်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အရောင်းအဝယ်စနစ်သည် အတိုင်းအတာတစ်ခုထိသာ အကျိုးဖြစ်ထွန်းစေသော် လည်း နှုတ်ကတိတစ်ချို့ကြောင့် တစ်ဦးနှင့်တစ်ဦး ပျက်ကွက်ခြင်းများ၊ လိမ်လည်ခြင်းများရှိနေသောကြောင့် အန္တရာယ်များနေသည့်အတွက် ယခုစနစ်ကို အမြန်ဆုံးပေါ်ပေါက်စေရန် လိုအပ်နေပြီဟု ၄င်းက ဆိုသည်။

Commodity Exchange စနစ်သည် လူတိုင်းနှင့် ဆက်ဆံနေရခြင်းဖြစ်ကာ ပွင့်လင်းမြင်သာသည့် စျေးကွက် စနစ်၊ ကောင်းမွန်သည့် လူသုံးကုန်စနစ်များဖြစ်လာပါက အကျိုးသက်ရောက်မှုသည် လူတိုင်းအပေါ်တွင် ခံစားရမည် ဖြစ်သည်ဟု Mr. Shashi Kumar (Chief of general mananger -SEBI)က ပြောသည်။

“ကျွန်တော်တို့ ကောင်းမွန်တဲ့ အခြေခံ အဆောက်အဦတွေ ရှိမယ်။ ထွက်ကုန်တွေကလည်း တိုးတက်လာမယ်။ အရည်အသွေးတွေရှိတဲ့ ထွက်ကုန်တွေ ရလာမယ်။ စည်းမျဉ်းစည်းကမ်းကလည်း တကယ့်ကို ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လည်ပတ်ပြီးတော့မှ ကျွန်တေ်ာတို့ဒီလိုမျိုး Exchange တွေ လုပ်လာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ဒီ Exchange လုပ်လာတဲ့ ပမာဏတွေက တဖြည်းဖြည်းနဲ့ များလာမယ်။ နှစ်ဦး၊ နှစ်ဖက်မှာလည်း အကျိုးကျေးဇူးတွေရလာမယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း တခြားကိုပို့တဲ့ Export ကုမ္ပဏီတွေ မှာ ပိုပြီးတော့ အရည်အသွေး တက်လာမယ်။ ပိုပြီးတော့လည်း တိုးတက်လာမယ်။ Ecosystem တွေလည်း ပိုပြီးတော့ ကောင်းလာမယ်။ နှစ်ဦးနှစ်ဖက် ပိုပြီးတော့ အကျိုးကျေးဇူးတွေ ရလာမယ်”ဟု ၄င်းက ပြောသည်။

၄င်းစနစ် ကျင့်သုံးနေသည့် နိုင်ငံများမှ သင်ခန်းစာများကို လေ့လာကာ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် Agriculture Commodity Exchange ပေါ်လာစေရန် ဥပဒေ၊ နည်းဥပဒေများ လိုအပ်သောကြောင့် အချိန်ယူရန်လိုပြီး ၄င်းစနစ် ပေါ်ပေါက်ရေးအတွက် ဆက်လက်ပြီး ကြိုးစားအားထုတ်သွားရမည်ဟု မြန်မာနိုင်ငံ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly