ကူညီဖို့ အသင့်ရှိနေပေမယ့် အိန္ဒိယက တိုက်ခိုက်လာရင် လက်တုံ့ပြန်မယ်လို့ ပါကစ္စတန် သတိပေး

ကူညီဖို့ အသင့်ရှိနေပေမယ့် အိန္ဒိယက တိုက်ခိုက်လာရင် လက်တုံ့ပြန်မယ်လို့ ပါကစ္စတန် သတိပေး

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ ၁၉ ။            ။ ကက်ရှ်မီးယားမှာ ဖြစ်ပွားသွားတဲ့ ဆယ်စုနှစ်တွေအတွင်း အဆိုးဝါးဆုံး ဖောက်ခွဲတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့ရာမှာ အိန္ဒိယကို ကူညီဖို့ ပါကစ္စတန်က အသင့်ရှိနေပေမယ့် အိန္ဒိယနိုင်ငံက တိုက်ခိုက်လာရင်တော့ လက်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အမ်မရန်ခန်းက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

နျူကလီးယားပိုင် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူပေါင်း ၄၁ ဦးသေဆုံးခဲ့ရတဲ့ အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသတွင်းက အသေခံဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ပါကစ္စတန် ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတာကို အိန္ဒိယအနေနဲ့ သက်သေတွေ ပေးပို့မျှဝေဖို့ နိုင်ငံတော်ရုပ်သံမိန့်ခွန်း ပြောကြားမှုမှာ ဝန်ကြီးချုပ် ခန်းက တောင်းဆိုလိုက်ပါတယ်။

ပါကစ္စတန် အခြေစိုက် Jaish-e-Mohammed စစ်သွေးကြွအဖွဲ့က အိန္ဒိယအရံရဲတပ်ဖွဲ့ယာဉ်တန်းကို အသေခံဖောက်ခွဲခဲ့တာဟာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာထားပြီး အိန္ဒိယကတော့ ဒီတိုက်ခိုက်မှု နောက်ကွယ်က သူတွေအနေနဲ့ တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်လို့ သတိပေးပြောဆိုထားပါတယ်။

ဒီအသေခံဖောက်ခွဲတိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေက ပိုလို့တိုးပွား မြင့်တက်လာပါတယ်။

တကယ်လို့ အိန္ဒိယဖက်က တိုက်ခိုက်လာတယ်ဆိုရင်တော့ ပါကစ္စတန််ဟာ တွေးနေတော့မှာ မဟုတ်ဘူး။ အိန္ဒိယကို လက်တုံ့ပြန်သွားမယ်လို့ ဝန်ကြီးချုပ် ခန်းက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

တိုက်ခိုက်မှုမှာ ပါကစ္စတန် ပါဝင်ပတ်သက်တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း ငြင်းဆန််ထားပါတယ်။ “တကယ်လို့ စစ်သွေးကြွတွေဟာ ပါကစ္စတန်မြေပေါ်ကနေ ခုလို တိုက်ခိုက်တာဆိုရင်တော့ ဒါဟာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကိုလည်း ဆန့်ကျင်တာဖြစ်တယ်။ ပါကစ္စတန် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ယုံလောက်တဲ့ စုံစမ်းစစ်ဆေးမှု အချက်အလက်တွေ ရှိထားတယ်ဆိုရင်လည်း ကျွန်တော်တို့ကို မျှဝေပါ။ ဒီလိုဆို ကျွန်တော်တို့ဖက်က အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”လို့ ခန်းက ပြောခဲ့ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်ဟာ ၁၉၄၇ မှာ ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရပြီးနောက်မှာ ကက်ရှ်မီးယားအရေးမှာ ပိုင်နက်အငြင်းပွားပြီး သဘောထားတင်းမာနေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly