မိုးမောက် မြို့တွင် ငွေကျပ်သိန်း ၁၅ဝဝကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မိုးမောက် မြို့တွင် ငွေကျပ်သိန်း ၁၅ဝဝကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ဓာတ်ပုံ - CCDAC Myanmar

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ။              ။ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၁ဝ၆ဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၄၆၈ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ အပါအဝင် စုစုပေါင်း ၁၅၂၈သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီက သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁)ဗန်းမော် (မိုးမောက်လှုပ်ရှား) အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များနှင့်ပူးပေါင်း၍ သတင်းအရ သက်သေများနှင့်အတူ မိုးမောက်မြို့နယ်၊ ချစ်ကြည်ရေးတံတား အနီးတွင် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ HARRIER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့သည်။

အဆိုပါ မော်တော်ယာဉ်ကို လွယ်ဂျယ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၅နှစ်အရွယ် နေလင်းအောင် (ခ)ကိုလင်း မောင်းနှင်ပြီး အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သောအသက် ၂၈နှစ်အရွယ်  ဘရန်အောင် စီးနင်းလိုက်ပါလာသည့်ယာဉ်ဖြစ်ပေါ်တွင် မူးယစ်ဆေးဝါးများတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်၏ ဒက်(ရှ်)ဘုတ်အံဝှက်အတွင်း၌ သိုဝှက်သယ်ဆောင်လာသည့် ဆပ်ပြာခွက် ၁ဝ၆ ခွက်ဖြင့် ထည့်ထားသော ဒေသကာလပေါက်စျေးငွေကျပ် သိန်း၁၀၆၀ တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁ဝ၆ဝ ဂရမ်၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် ဒေသကာလပေါက်စျေး ငွေကျပ် သိန်း ၄၆၈တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄ဝဝ ပြား နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်း၍ နေလင်းအောင်(ခ)ကိုလင်းနှင့် ဘရန်အောင်တို့အား စစ်ဆေးရာ မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက်တွင်နေထိုင်သော မဂျီးမိုင် ထံသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရှိရပြီး ပူးပေါင်းအဖွဲ့မှ ည၁ဝနာရီ ၃ဝအချိန်တွင် မဂျီးမိုင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းမှာထွက်ပြေး တိမ်းရှောင်သွားပြီး နေအိမ်ခြံဝန်းအတွင်းမှ မော်တော်ယာဉ်တစ်စီးကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

မိုးမောက် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly