မြန်မာ ယူ ၂၂ ဂိုးနည်းပြကို တာဝန်မှ ရပ်ဆိုင်း

မြန်မာ ယူ ၂၂ ဂိုးနည်းပြကို တာဝန်မှ ရပ်ဆိုင်း
AFF U-22 Championship 2019 ယှဉ်ပြိုင်မည့် U-22 အသင်း လေ့ကျင့်နေမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ။               ။ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့်  အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၂၂ အသင်း၏ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ကို တာဝန်မှ ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

 မြန်မာဘောလုံးပရိသတ်ကို ပြစ်တင်သည့် သဘောသက်ရောက်သောစာကို ဦးဖြိုးကိုကိုလှိုင်သည် သူ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ခြင်းကြောင့် ဘောလုံးအဖွဲ့ချုပ်မှ အရေးယူခဲ့ခြင်းလည်းဖြစ်သည်။

 ယင်းအတွက်ကြောင့် လစ်လပ်နေသည့် မြန်မာ ယူ ၂၂ အသင်း ဂိုးနည်းပြနေရာအတွက် ဦးအောင်ကျော်ကျော် ကို ကမ္ဘောဒီးယားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ပြီး ဦးဖြိုးကိုကိုလှိုင်အား စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဘောလုံးအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်ထားသည်။

 ဦးဖြိုးကိုကိုလှိုင်အနေဖြင့် သူရေးသားတင်ခဲ့သည့် ပရိသတ်များကို အပြစ်တင်သည့် ပို့စ်ကိုတော့ ပြန်လည် ဖျက်သိမ်းခဲ့သလို တောင်းပန်သည့် ပို့စ်ကိုလည်း ချက်ခြင်း ပြန်လည် ရေးသားတင်ခဲ့သည်။

 “အားလုံးကို တောင်းပန်ပါတယ်။ ကျနော် စိတ်ခဏလေး တိုလိုက်တဲ့အချိန်မှာ တင်မိသွားလို့ပါ။ ဘာရည်ရွယ်ချက်မှ မရှိပါဘူး” ဟု ရာထူးမှ ရပ်ဆိုင်းခံရသည့် ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင် က ရေးသားထားသည်။

 မြန်မာ ယူ-၂၂ အသင်း၏ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်သည် မြန်မာ့ဘောလုံးလောကတွင် ပရိသတ်ကို ပြန်ဝေဖန် ခြင်းကြောင့် ဘောလုံးအဖွဲ့ချုပ်၏ အရေးယူခဲ့ခြင်းကို ခံခဲ့ရခြင်းသည် ပထမဆုံးနည်းပြလည်း ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly