မေလမှ စတင်ကာ ကျပ် ၅ဝဝတန် အောင်ဘာလေထီများ ရောင်းချမှု ရပ်နားမည်

မေလမှ စတင်ကာ ကျပ် ၅ဝဝတန် အောင်ဘာလေထီများ ရောင်းချမှု ရပ်နားမည်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ။           ။ ဆုကြေး ကျပ်သိန်းတစ်သောင်းချီးမြှင့်သည့် ကျပ်၅ဝဝတန် အောင်ဘာလေထီလက်မှတ် ရောင်းချမှုကို မေလတွင် စတင်ရပ်နားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

" ရပ်နားမယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဖေဖော်ဝါရီလ၊မတ်လ၊ဧပြီလ သုံးလပဲရောင်းတော့မှာပါ။ တစ်ထောင်တန် တစ်ခုပဲရောင်းတော့မှာ။ စျေးကွက်မှာ ထိုးတဲ့သူတွေကရော ရောင်းတဲ့သူတွေကရော တစ်ထောင်တန်ကိုပဲ လိုလားကြတယ်။ အဲဒါကြောင့်မို့  ကျွန်တော်တို့ ရှုပ်ထွေးမှုလည်းမရှိဘူးပေါ့" ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလမှ စတင်ကာ ဆုကြေး ကျပ်သိန်းတစ်သောင်းခွဲ ချီးမြှင့်မည့် ကျပ်၁၀၀၀ တန် ထီလက်မှတ်များကို စတင်ရောင်းချခဲ့ပြီး ထီစျေးကွက်တွင် အမြင့်ဆုံးဆုကြေး ကျပ်သိန်းတစ်သောင်းခွဲကြောင့် ထီဆုငွေအပေါ် စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။

“ထီတစ်စောင်ကို တစ်ထောင်ဖြစ်သွားမယ်ဆိုရင် လူတိုင်း မထိုးနိုင်တော့ဘူး။ ထီတစ်စောင် ၅၀၀ ဖြစ်နေချိန်မှာ တောင် လက်ထဲမှာ ငွေမရှိလို့ လကုန် လစာထုတ်ရက်လောက်မှ ထီထိုးနိုင်တယ်။ အခု တစ်စောင်ကို တစ်ထောင်နဲ့ ပုံမှန်ရောင်းချမယ်ဆိုရင် ဆင်းရဲသား အခြေခံလူတန်းစားတွေ ထီထိုးနိုင်ကြတော့မှာ မဟုတ်ဘူး။ ပေးမယ့်ဆုကြေးမြင့်လာလို့ ထီလက်မှတ်တွေ စျေးတက်တာပါလို့ ပြောစရာရှိပေမယ့် ထီဆိုတာ ပေါက်ဖို့ လွယ်ကူတဲ့အရာမဟုတ်ဘူးဆိုတာကိုတော့ နားလည်ထားဖို့လိုတယ်။ သေချာတာကတော့ အစိုးရက ပြည်သူဆီက အခွန်ကို မလှိမ့်တစ်ပတ်ရိုက်ပြီး ကောက်ချင်လို့ ထီကို စျေးတင်တာလို့ပဲ မြင်မိတယ်”ဟု ပုဇွန်တောင်မြို့နယ်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

ကျပ်၅ဝဝတန်အောင်ဘာလေ သိန်းဆုထီကို ၂၀၁ရခုနှစ် မတ်လမှ စတင်ကာ ရောင်းချခဲ့ပြီး ယခုနှစ် ဧပြီလ အထိ (၂၆)ကြိမ်မြောက်အထိ ရောင်းချသွားမည်ဖြစ်သည်။ ကျပ်၅ဝဝတန်ထီလက်မှတ်များကို စျေးနှုန်းအနေဖြင့် ၅၅ဝမှ ရဝဝအထိ ရောင်းချနေမှုများရှိနေပြီး ဆုကြေးပေါင်း သိန်းတစ်သောင်းခွဲချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို လက်ရှိတွင်စိတ်ဝင် စားမှုများပြားနေပြီး စျေးနှုန်းတိုးမြှင့်ရောင်းချပါက အရေးယူမှုများ လုပ်ဆောင်ရန်ရှိကြောင်း ပြောကြားသည်။

"အခု ကျွန်တော်တို့ လက္ကားရောင်းတဲ့သူတွေကို ကျွန်တော်တို့ Agreement လုပ်ထားတာရှိပါတယ်။အဲတာက ဘာလည်းဆိုတော့  ထီကိုစျေးတင်ရောင်းချရင် ဒါကို ကျွန်တော်တို့ စုံစမ်းဖော်ထုတ်သိရှိနိုင်မယ်ဆိုရင် သူတို့ကို ပေးထားတဲ့ ခွဲတမ်းတွေကိုလည်း သိမ်းမယ်။ သူတို့ပေးခဲ့တဲ့ Depositတွေကိုလည်း သိမ်းမယ်ဆိုတာ ဆောင်ရွက်ထားပါတယ်"ဟု ဦးမင်းထွဋ်က ဆိုသည်။

ကျပ် ၅ဝဝတန်ထီလက်မှတ် စတင်ရောင်းချသည့် ၂၀၁ရခုနှစ် မတ်လတွင် ကျပ်၂ဝဝတန်ထီလက်မှတ် အရေအတွက်လျော့ထုတ်ခဲ့ကာ ဇွန်လတွင် ကျပ် ၂ဝဝတန်ထီလက်မှတ်ရောင်းချမှုရပ်နားခဲ့သည်။

မတ်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည့်ကျပ်တစ်ထောင်တန်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အမြင့်ဆုံး ဆုကြေး သိန်းတစ်သောင်းခွဲဆုအပါအဝင်၊သိန်း၅ထောင် ၃ဆု၊သိန်း ၂ထောင် ၅ဆု၊ သိန်း ၁ထောင် ၅ဆုစသည့် ဆုကြီးများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly