အိုရီဂွန်ကောလိပ် ပစ်ခတ်မှု ၉ ဦးသေဆုံး ရ ဦးဒဏ်ရာရ

အိုရီဂွန်ကောလိပ် ပစ်ခတ်မှု ၉ ဦးသေဆုံး ရ ဦးဒဏ်ရာရ

ဝါရှင်တန်၊ အောက်တိုဘာ-၂ ။         ။ အမေရိကန် အိုရီဂွန်ပြည်နယ်အတွင်းရှိ ကောလိပ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားရာ ၉ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက်၂၆နှစ်အရွယ် သေနတ်သမားက အောက်တိုဘာ ၁ရက်နေ့ နံနက်ခင်းတွင် အန်ကွာကွန်မျူနတီကောလိပ်၌ ပစ်ခတ်ခဲ့ပြီးနောက် ရဲများနှင့် အပြန်အလှန်ပစ်ခတ်ရာတွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

သေဆုံးသူအရေအတွက်နှင့် ပတ်သက်၍ သတင်းများမှာ ဝိဝါဒကွဲပြားနေကြသော်လည်း ဒေါက်ကလပ် ကောင့်တီရဲမှူး ဂျွန် ဟန်လင်းပြောသည့် သေနတ်သမားအပါအဝင် ၁၀ဦးအရေအတွက်မှာ အဖြစ်နိုင်ဆုံးဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်ကြောင်း ရဲက ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အမည်မဖော်လိုသည့် အရာရှိများက အမေရိကန်မီဒီယာသို့ ပြောကြားချက်အရ သေနတ်သမားမှာ ခရစ် ဟာပါး မာစာဖြစ်သည်ဟု ဆိုသည်။

ရဲမှူး မစ္စတာ ဟန်လင်းကမူ သေနတ်သမား၏ နာမည်ကို အတည်ပြုခြင်းမရှိဘဲ ‘ဒီသွေးပျက်တုန်လှုပ်ဖွယ် သူရဲဘောကြောင်တဲ့ လုပ်ရပ်အတွက် သူလိုချင်တဲ့ ကျော်ကြားမှုကို ကျနော်မပေးနိုင်ဘူး’’ ဟုပြောကြားခဲ့သည်။  

သေနတ်သမားက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ရသည်ကို မသိရသေးသော်လည်း သေနတ်သမားက သူ၏ရည်ရွယ်ချက်ကို လူမှုမီဒီယာပေါ်တွင် ကြိုတင်သတိပေးထားခဲ့သည်ဟူသည့် သတင်းများကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ရဲက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုပြီးနောက် နာရီပေါင်းများစွာအကြာတွင် သိသိသာသာ စိတ်ပျက်နေသည့် သမ္မတ ဘားရက် အိုဘားမားက ဝတ်ပြုဆုတောင်းရုံနှင့် မလုံလောက်တော့ကြောင်း ပြောကြားပြီး ပိုမိုတင်းကျပ်သော သေနတ်ဥပဒေများ ပြဌာန်းပေးရန် တောင်းဆိုခဲ့သည်။

အိုဘားမားက ဒေါသကို မထိန်းနိုင်ဘဲ ပစ်ခတ်မှုများမှာ နိစ္စဓူဝလိုဖြစ်လာနေကြောင်း ပြောကြားပြီး ကမ္ဘာပေါ်မှာ တခြားလူတွေကို အန္တရာယ်ပြုချင်တဲ့ စိတ်ကျန်းမာရေး ချွတ်ယွင်းနေတဲ့လူတွေ ရှိတာ ကျနော်တို့တစ်နိုင်ငံတည်းမဟုတ်ဘူး။ ဒါပေမယ့် လအနည်းငယ်တိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ တွေ့နေရတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံကတော့ ကျနော်တို့ နိုင်ငံပါပဲ’’ ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly