မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ယူထားသူများထံမှ ချေးငွေများ ပြန်ကောက်ခံလျက်ရှိ

မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ယူထားသူများထံမှ ချေးငွေများ ပြန်ကောက်ခံလျက်ရှိ

မန္တလေး၊ ဖေဖော်ဝါရီ ၁၉ ။          ။ မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူထား သည့် တောင်သူများထံမှ ချေးငွေများပြန်လည်ရရှိရေး အလေးထားကောက်ခံလျက်ရှိသည်ဟု မန္တလေးတိုင်း ဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးစုက မဇ္ဈိမကိုပြောသည်။

 စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၉ခုနှစ်၊ဧပြီလ ၁၅ ရက်နေ့နောက်ဆုံးထား၍ပြန်လည်ပေးဆပ်ရန် သတ်မှတ် ထားသော်လည်း သီးနှံပေါ်ချိန် ငွေရွှင်ချိန်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(မန္တလေးတိုင်းဒေသကြီး ဘဏ်ခွဲ)က ချေးငွေပြန်လည်ရရှိရေးအတွက် အလေးထားကောက်ယူနေရခြင်းဖြစ်သည်ဟု ဦးစုကဆိုသည်။

ထို့အပြင် ချေးငွေကောက်ခံရေး အားနည်းသည့်မြို့နယ်များသို့လည်း ကွင်းဆင်းဆောင်ရွက် မှုများပြုလုပ် သွား မည်ဟု သိရပြီး သက်ဆိုင်ရာ အာဏာပိုင်များ၊လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပေါင်းစပ်၍ တောင်သူများ အနေဖြင့် သီးနှံပေါ်ချိန် ငွေရွှင်ချိန်တွင် တွန်းအားပေး ဆောင်ရွက်သွားမည်ဟုလည်း ဦးစုက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းအတွင်းရှိ မြို့နယ်၂၃ ခုမှ တောင်သူဦးရေ ၂၂၀၇၆၁ အား ၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိ်တ်ချေးငွေအဖြစ် ကျပ်သန်းပေါင်း(၁၀၈၆၂၈ ဒသမ ၆)သန်းကို ထုတ်ချေးပေးထားပြီး ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ၂၈၅၆၈ ဒသမ ၈၀ သန်းကျော် ပြန်လည် ကောက်ခံရရှိထားကြောင်း သိရသည်။

 မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲသည် ချေးငွေများ ပြန်လည်ကောက်ခံရာတွင် ဇန်နဝါရီ လတွင် ၃၀ ရာခိုင်နှုန်း၊ဖေဖော်ဝါရီတွင် ၇၀ ရာခိုင်နှုန်းနှင့်မတ်လတွင် ၃၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၁၀၀ ရာခိုင် နှုန်း ပြန်လည်ကောက်ခံရရှိရေးအတွက် လျာထားထားသည်ဟုလည်း သိရသည်။

 "လျာထားထားတဲ့အတိုင်း ကောက်ခံရရှိဖို့ မြို့နယ်ဘဏ်ခွဲတွေကို အကြောင်းကြားပြီးဖြစ်ပါတယ်။မြို့နယ် ဘဏ်ခွဲတွေကလည်း တောင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသိပေးပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ရည်မှန်းချက်အတိုင်းအောင်မြင်မယ်လို့ ယုံကြည်ထားပြီးဖြစ်ပါတယ်။"ဟု ဦးစုကပြောသည်။

 မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးထားသည့် တောင်သူများအနေဖြင့် နောက်ဆုံးသတ်မှတ်ကာလဖြစ်သည့် ၂၀၁၉ခုနှစ်၊ဧပြီလ ၁၅ ရက်တွင် မပေးဆပ်နိုင်ပါက သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပြီး စိုက်ပျိုးစရိတ် ချေးငွေအဖြစ် စပါးစိုက်တစ်ဧကလျင် ကျပ်တစ်သိန်းခွဲနှင့်အခြားသီးနှံစိုက် တစ်ဧကလျင် ကျပ် တစ်သိန်းကို အတိုးနှုန်း၈ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးထားခြင်းဖြစ်သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly