အမေရိကန်က စိုးရိမ်နေစဉ် အာဆတ်၏ရန်သူများကို ရုရှထပ်မံတိုက်ခိုက်

အမေရိကန်က စိုးရိမ်နေစဉ် အာဆတ်၏ရန်သူများကို ရုရှထပ်မံတိုက်ခိုက်

ဘေရွတ်၊ အောက်တိုဘာ ၂ ။           ။ ဆီးရီးယားမြေပေါ်တွင် မော်စကိုက နောက်ထပ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တင်းမာမှုများမြင့်မားလာခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများမှာ အိုင်အက်စ်တို့ အပေါ်ပြု လုပ်ခြင်းဖြစ်ပြီး  ယခုအချိန်အထိ အိုင်အက်စ်တို့၏ နေရာငါးခုကို ထိမှန်သွားပြီဖြစ်သည်ဟု ရုရှက ပြောသည်။ သို့သော်လည်း ရုရှ၏ တိုက်ခိုက်မှုများမှာ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် ကိုထောက်ပံ့ကူညီသည့် လုပ်ရပ်များသာဖြစ်သည်ဟု ဝါရှင်တန်က ဆိုသည်။

စစ်အင်အားကြီးနိုင်ငံနှစ်ခုကြား မတော်တဆဖြစ်ရပ်များကို ရှောင်ရှားနိုင်ရန်အတွက် ပင်တဂွန်သည် ရုရှအရာရှိများနှင့် အောက်တိုဘာ ၁ ကဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် အိုင်အက်စ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်နေသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ဆီးရီးယားတွင် နေ့စဉ်နီးပါးတိုက်ခိုက်လျက်ရှိသည်။ သို့သော်လည်း ဆီးရီးယားသို့ ရုရှလေယာဉ် များဝင်လာခြင်းက ကြီးမားသည့် နိုင်ငံတကာဖြစ်ရပ်ကြီးတစ်ခုဖြစ်ပေါ်လာမည်ကို ပင်တဂွန်က စိုးရိမ်လျက်ရှိသည်။

ကုလသမဂ္ဂတွင်လည်းအာဆတ်ကိုထောက်ခံသည့် ရုရှနှင့်အီရန်ကတစ်ဖက် အနောက်နိုင်ငံများကတစ်ဖက် ပဋိပက္ခဖြစ်လျက်ရှိသည်။ ဆီးရီးယား၏လေးနှစ်ကြာမြင့်နေ ပြီဖြစ်သည့်သွေးစွန်းသောပြည်တွင်း စစ်အဆုံးသတ်ရေးမှာ အာဆတ်ကို ဖယ်ရှားရေးမှာ မဖြစ်မနေလိုအပ်သည်ဟု အနောက်အင်အားကြီးနိုင်ငံများက ပြောကြားလျက်ရှိသည်။ အိုင်အက်စ်တို့က ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူလျက် ဆီးရီးယားနှင့် အီရတ်တစ်ဝန်းရှိ နယ်မြေများကို သိမ်းပိုက်ထားပြီး အစ္စလာမစ်ဥပဒေကို ၎င်းတို့စိတ်တိုင်းကျ ရက်စက်စွာဖွင့်ဆိုလျက် အုပ်ချုပ်လျက်ရှိသည်။ ထို့အပြင် ပြည်ပမှ ဂျီဟတ်ဝါဒီများစွာကိုလည်း လူသစ်စုဆောင်းလျက်ရှိသည်။

ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းသည် အိုင်အက်စ်များကိုသာ သီးသန့်ပစ်မှတ်ထားသင့်ကြောင်း ပူတင်နှင့် မဆွေးနွေးမီ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းက ပြောသည်။ အိုင်အက်စ်များကိုသာ ပစ်မှတ်ထားပြီး အခြားမည်သည့်အုပ်စုကိုမျှ ပစ်မှတ်မထားရေးသေချာရန်မှာ မဖြစ်မနေအရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသည် အိုင်အက်စ်နှင့် အယ်လ်ခိုင်ဒါ၏ ဆီးရီးယားအဖွဲ့ အယ်လ်နပ်ဆရာတပ်ဦးအပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများကို အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းကဲ့သို့ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိသည်ဟု ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ကုလသမဂ္ဂသို့ပြောကြားခဲ့သည်။

ရုရှတို့၏ တိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးသည်ဆိုသည့် စွပ်စွဲချက်များကို ပူတင်က ပယ်ချခဲ့ပြီး ယင်းကဲ့သို့ သတင်းများမှာ သတင်းအချက်အလက်စစ်ဆင်ရေးသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ်ဒ်လစ်ပြည်နယ်ရှိ လေ့ကျင့်ရေးစခန်းတစ်ခုနှင့် ကွပ်ကဲရေးစခန်းညတစ်ခုအပါအဝင် အိုင်အက်စ်ပစ်မှတ် ငါးခုကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့သည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
 အစောပိုင်းက မော်စကို၏ ပြောကြားချက်အရ ၎င်းတို့၏တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်ဋ္ဌာနချုပ်တစ်ခု၊ လက်နက်သိုလှောင်ရုံတစ်ခု၊ ကွပ်ကဲရေးစင်တာတစ်ခုနှင့် ကားဗုံးစက်ရုံတစ်ခုတို့ ပျက်စီးခဲ့သည် ဟုဆိုသည်။

ရုရှ၏တိုက်ခိုက်မှုများသည် အိုင်အက်စ်တို့ကို တိုက်ခိုက်နေသော အစ္စလာမ္မစ်သူပုန်များကို ပစ်မှတ်ထားခဲ့ကြောင်း ဆီရီးယားလုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။ ထို့အပြင် ရုရှစစ်လေယာဉ်များ သည် အစ်ဒ်လစ်ရှိ ၎င်းတို့၏ လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်ကျောထောက်နောက်ခံ သူပုန်အုပ်စု ဆူကူရ်အယ်လ်ဂျာဘာလ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly