ဗုဒ္ဓပူဇနိယပွဲတော်အထိမ်း အမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

ဗုဒ္ဓပူဇနိယပွဲတော်အထိမ်း အမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

သထုံ ဖေဖော်ဝါရီ ၁၉ ။             ။ ၆၁ ကြိမ်မြောက် မြသပိတ်စေတီတော်နှင့် နှီးဘုရားဆင်းတုတော်မြတ်ကြီးတို့၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်း အမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီခန့်က သထုံမြို့ရှိ မြသပိတ် တောင်ခြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။

“သထုံမှာ လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က ထမနဲထိုးပြိုင်ပွဲက တိမ်မြှုပ်သွားတယ်လို့ ပြောရတာပေါ့။ အဲချိန်က ခေတ်ကာလအခြေအနေတွေကြောင့်နဲ့ အားပေးကူညီထောက်ပံ့မှုတွေ လုပ်ပေးမယ့်သူတွေ အားနည်းခဲ့တာလည်း ပါတယ်။ ဒါကြောင့် ယခုဘုရားပွဲမှာ ကျွန်တော်တို့ ပြန်လည်ထည့်သွင်းပြီး ဖော်ထုတ်နေရင်းနဲ့ ဒီနှစ်ပါဆိုရင် ၄ နှစ် ရှိပါပြီ ” ဟု မြသပိတ်စေတီတော်၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။

ယင်း ထမနဲထိုးပြိုင်ပွဲမှ ရရှိလာသောထမနဲများကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်၊ တပို့တွဲလပြည့်နေ့နံနက်တွင် ဆွမ်းဆန်စိမ်း အလှူခံကြွရောက်မည့် သံဃာအပါး ၆၅၀ ကျော်အား လောင်းလှူဆပ်ကပ်ခဲ့ကြသည်။

“ထမနဲထိုးပွဲက ကိုယ့်ရိုးရာဓလေ့ပွဲတော်တစ်ခုပဲလေ။ ယှဉ်ပြိုင်တာထက် အချင်းချင်းစည်းလုံးညီညွှတ်မှုကို ဖြစ်ပေါ်စေတယ်။ ဆုရတာ၊ မရတာ အပထား၊ ကိုယ့်လုပ်အားနဲ့ လုပ်ထားတဲ့ ထမနဲတွေကို ဆက်ကပ် လောင်းလှူဖို့ပဲဆိုတော့ အရမ်းပီတိဖြစ်မိပါတယ်။ ကောင်းပါတယ်။နောင် နှစ်စဉ်နှစ်တိုင်းမှာ အစဉ်အလာမပျက် ဆက်လက် ကျင်းပစေလိုပါတယ်။” ဟု ဘင်လှိုင်ရပ်ကွက်အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်သူ တစ်ဦးက ပြောသည်။

ပြိုင်ပွဲဝင်အဖွဲ့ဝင်များမှ အဖွဲ့လိုက်စည်းလုံးညီညွှတ်စွာ ပူးပေါင်း လုပ်ဆောင်နိုင်မှု၊ တူညီဝတ်စုံဝတ်ဆင်နိုင်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အမြန်ဆုံးယှဉ်ပြိုင်ထိုးနိုင်မှုနှင့် အရသာအကောင်းဆုံး ပြုလုပ်နိုင်မှုတို့အပေါ်တွင် အမှတ်ပေး အကဲဖြတ်သွားပြီးမှသာလျှင် ပထမ၊ ဒုတိယ၊ တတိယဖြင့် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီများထံမှ သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော် မြို့လုံးကျွတ် ထမနဲထိုးပြိုင်ပွဲတွင် ရပ်ကွက်ကျေးရွာအလိုက်အသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားအဖွဲ့များနှင့် ဌာနဆိုင်ရာအသင်းအဖွဲ့များ စုစုပေါင်း အသင်းအဖွဲ့ ၁၅ ဖွဲ့ တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ဆုရရှိသောအသင်းအဖွဲ့များအား ယနေ့ တပို့တွဲလပြည့်နေ့ ညနေပိုင်းတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required